ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၇၂၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ၁၄  မေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်တွင် ငွေကျပ် သိန်း ၇၂၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မိုးမိတ်မြို့နယ်၊ မိုးမိတ်-တွင်းငယ် သွားကားလမ်းဆုံတွင်  မိုးကုတ်မှ မိုးမိတ်ဘက်သို့  စိုင်းလှအောင်(၅၁)နှစ် မောင်းနှင်ပြီး  ဆန်းလွင်မိုး (၂၉)နှစ်နှင့် လအောင် (၄၁) နှစ်တို့ လိုက်ပါလာသည့် မော်တော်ယာဉ်ကို ရှာဖွေရာ ကာလတန်ဖိုး ငွေကျပ်သိန်း ၇၂၀ တန်ဖိုးရှိ ဘိန်းဖြူ ၄ ဒသမ ၄ ကီလို နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊

စစ်ဆေးပေါ်ပေါက်ချက်များအရ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်မှ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ‌ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)