ရှမ်းပြည်နယ်၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်လှစ်

တောင်ကြီး       စက်တင်ဘာ        ၁၇

 

ရှမ်းပြည်နယ် (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲကို စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ တောင်ကြီး တက္ကသိုလ် ဘွဲနှင်းသဘင် ခန်းမ၌ ကျင်းပခဲ့သည်။

 

အဆိုပါ ပြိုင်ပွဲကို(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဦးအောင်မြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ဆက်လက်၍ (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာ ယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နှစ်ရက်ကြာ ကျင်းပမည့်ပြိုင်ပွဲကို ရှမ်း(အရှေ့)၊ ရှမ်း(မြောက်) ရှမ်း(တောင်) နယ်မြေဒေသသုံးခုမှ ပြိုင်ပွဲဝင် ၃၆၈ ယောက် တက်ရောက်ယှဉ်ပြိုင်ကြသည့်အတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်းနှင့် ရှမ်းပြည်နယ် ကိုယ်စားပြု ပြိုင်ပွဲဝင် မောင်မယ်များက မိမိတို့၏ အနုပညာ အရည်အသွေးများကို အစွမ်းကုန် ထုတ်သုံးပြီး ပြည်နယ်၏ ဂုဏ်ကို ဆောင်နိုင်မည်ဟု ယုံကြည်မျှော်လင့် မိကြောင်း” ပြောကြားသည်။

 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအတွက် စားသောက်စရိတ်အဖြစ် ကျပ်သိန်း ၂၀၀ ကို ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်နိုင်ရေးကော်မတီ အတွင်းရေးမှူး တောင်ကြီးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာအောင်နေမျိုးက လက်ခံရယူသည်။ ယင်းနောက် တောင်ကြီးပညာရေး ဒီဂရီကောလိပ် ကျောင်းသား ကျောင်းသူများက ပအိုဝ်းတိုင်းရင်းသားအကဖြင့် လည်းကောင်း၊ တာချီလိတ်ခရိုင်မှ မစုသက်ထွေးက ရုပ်သေးကြိုးဆွဲ ဇော်ဂျီအကဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး   ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက အဆိုယဉ်ပြိုင်နေမှုနှင့် အရေးယှဉ်ပြိုင်နေမှု တို့ကို ကြည့်ရူအားပေးခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)