ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ငွေကျပ် ၅၁ ဒသမ ၈၇ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၂ တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလိုနှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖော်ထုတ်ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဒီဇင်ဘာ ၁၈  

 

ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ငွေကျပ် ၅၁ ဒသမ ၈၇ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၂ တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလိုနှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၃ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် ရန်နိုင်စိုး (ခ) ရန်နိုင် မောင်းနှင်ပြီး မအိအိခင် (ခ)မအိ နှင့် မမေဦးကိုကို (ခ) မေဦးကြည်လင်တို့ လိုက်ပါလာသည့် ALPHARD မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၆၅ ကီလို သိမ်းဆည်းရမိခဲ့သည်။

ဆက်လက် စစ်ဆေးဖော်ထုတ်ချက်အရ ဒီဇင်ဘာ ၄ ရက် မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁) ရပ်ကွက်၊ ပုလဲလမ်းတွင် ဖမ်းဆီးရမိ အိုက်စ်များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် AA အဖွဲ့မှ ဒုဗိုလ်အဆင့်ရှိ နေလင်းထွန်း (ခ) နောနော် (ခ) ကျော်စိုးနှင့် ဒုဗိုလ်အဆင့်ရှိ စိုးထွန်းတို့ကို ALPHARD မော်တော်ယာဉ် တစ်စီးနှင့် လည်းကောင်း၊ ယင်းနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်၊ ကနောင်မင်းသားကြီး လမ်းရှိ ဂိုဒေါင်တွင် AA အဖွဲ့မှ ဗိုလ်အဆင့်ရှိ ထွန်းလင်း (ခ) ပြုံးချိုအား အိုက်စ် ၈၆၅ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ ည ၇ နာရီတွင် ဇော်မင်းထွေး (ခ) သန်းဝင်းနှင့် မသင်းမြတ်ဆွေ (ခ) ရင်ရင်လှ တို့ကို အောင်မင်္ဂလာ အဝေးပြေးကားဝင်းတွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်းနှင့် စစ်ဆေးဖော်ထုတ်ချက်များအရ ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီတွင် ဖမ်းဆီးရမိ အိုက်စ်များကို ရန်ကုန်မြို့တွင်လက်ခံ၍ ပြည်ပသို့ ရေကြောင်းမှ သယ်ဆောင်ရာတွင် စီမံခန့်ခွဲသူ သားကြီး (ခ) ဦးလှဝင်းအား တောင်ငူမြို့၊ အမှတ်(၁၁)ရပ်ကွက်ရှိ ဟိုတယ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ယင်းနောက် ဆက်လက်စစ်ဆေးချက်အရ ဒီဇင်ဘာ ၇ ရက် နံနက် ၁၀ နာရီခွဲတွင် တောင်ဥက္ကလာပမြို့နယ်၊ (၉) ရပ်ကွက်၊ မေတ္တာလမ်းတွင် ၎င်းပိုင်ဆိုင်သည့် CANTER BOX မော်တော်ယာဉ်ပေါ်မှ အိုက်စ် ၁,၁၄၀ ကီလို၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလို ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း၊ ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ကမာရွတ်မြို့နယ်၊ ဆင်မလိုက်သင်္ဘောကျင်း၌ စိုးပိုင်(ခ) စိုးစိုး၊ ဌေးလင်းဇော်၊ ကျော်ဌေးစိုး၊ AA အဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိ ဦးကျော်ဟန်၊ တပ်သားအဆင့်ရှိ ကျော်လင်းဆန်းနှင့် တပ်သားအဆင့်ရှိ ဦးထွန်းနုတို့ ခြောက်ဦးကို ပြည်ပသို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် မူးယစ်ဆေးဝါးများ သယ်ဆောင်သည့် တနင်္သာရီ (၁) အမည်ရှိ သံခွံကုန်တင် သင်္ဘောတစ်စီးနှင့်အတူ ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ပြောင်း ဆေးဝါးဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၀၇ တန် ကို မူးယစ်မှောင်ခိုဂိုဏ်းဖွဲ့၍ ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းနှင့် စိတ်ပြောင်းဆေးဝါးများထုတ်လုပ်ရာတွင်အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများကို ရှမ်းပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

 

သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများအား AA အဖွဲ့မှ ဗိုလ်မှူးကြီး အဆင့်ရှိသူ ကျော်မြတ်ဦး (ခ) သားသား (ခ) ဝေသာထွန်း၏ ဦးစီးစီမံခန့်ခွဲမှုဖြင့် သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

သတင်းစဉ်