ရှမ်းပြည်နယ်ရှိ ကော်ဖီ၊ ထောပတ်သီးနှင့် ဒေသစိုက်ပျိုးရေးထုတ်ကုန် ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေး ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြား

နေပြည်တော် သြဂုတ် ၂၇

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံး၌ ရှမ်းပြည်နယ်ရှိ ကော်ဖီ၊ ထောပတ်သီးနှင့် ဒေသစိုက်ပျိုးရေးထုတ်ကုန် ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေး ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ်၏ ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် ကော်ဖီနှင့် ထောပတ်သီးစိုက်ပျိုးထုတ်လုပ်မှုကို နိုင်ငံတော်မှ အားပေးမြှင့်တင်ဆောင်ရွက် လျက်ရှိကြောင်း၊ ထောပတ်သီးကို အရည်အသွေးမီ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် အထွက် နှုန်းတိုးတက်မြင့်မားရေး၊  စျေးကွက်တိုးချဲ့၍ ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေး၊ ပြည်ပသို့တင်ပို့ရာ၌ ဈေးကွက်နိုင်ငံ၏ လိုလားချက်နှင့်အညီတင်ပို့နိုင်ရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံမှထွက်ရှိသော နိုင်ငံတကာအဆင့်မီကော်ဖီကို အလားအလာရှိသည့် နိုင်ငံတကာ ဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရန် လိုအပ်ချက်များကို အစိုးရ ဌာနများ၊ အသင်းအဖွဲ့နှင့် စိုက်ပျိုးထုတ်လုပ်သူများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရ မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ့ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ရရှိရေးနှင့် ဈေးကွက်ဝင်နိုင်ငံ၏ စံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ တင်ပို့နိုင်ရန် ညှိနှိုင်းဆောင်ရွက်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများနှင့် တက်ရောက်လာသူများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေညောင်မြို့ မြနဒီသီးနှံအခြောက်ခံစက်ရုံသို့ သွား ရောက်၍ ပြောင်းကုန်ကြမ်းများ အခြောက်ခံသန့်စင်နေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဟဲဟိုးမြို့၊ တီခေါင်ကျေးရွာအုပ်စု၊ ဥဿကံ ကျေးရွာရှိ Heho Potato Co.,Ltd အအေးခန်းစက်ရုံ၌ အာလူးလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ အာလူးစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး၊ စျေးကွက်ရရှိရေး၊ တိုးမြှင့် တင်ပို့နိုင်ရေးနှင့် အာလူးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်တောင်သူများ၊ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်နိုင်ရေး မှာကြားသည်။

သတင်းစဉ်