ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီခွဲတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုပုံးမြို့နယ် ရွာသစ်ကျေးရွာအနီး တောင်ကြီး-လွိုင်လင်သွား ကားလမ်းတွင် စိုင်းထွန်းလူ (ခ) စိုင်းနော်ခေး မောင်းနှင်လာသည့် HIACE မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၉ ဒသမ ၀၉ ကီလို၊ ကက်တမင်း ၁၀၀ ဂရမ် တို့ကို သိမ်းဆည်းရမိခဲ့သည်။ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား တာချီလိတ်မြို့နယ်မှ တောင်ကြီးမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် လူငယ်များအား အန္တရာယ်ဖြစ်စေမည့် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်းများကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်