ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၄ ဒသမ ၅ သန်း ဖမ်းဆီးရမိပြီး ကွင်းဆက်အရ တောင်ကြီးမြို့တွင် ပစ္စတိုသေနတ် ၂ လက်နှင့် လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရမိ

နေပြည်တော်၊ နိုဝင်ဘာ ၂၄ 

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၄ ဒသမ ၅ သန်း ဖမ်းဆီးရမိပြီး ကွင်းဆက်အရ တောင်ကြီးမြို့တွင် ပစ္စတိုသေနတ် ၂ လက်နှင့် လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၂ ရက် ည ၁၀ နာရီတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီးသွား ကားလမ်း၊ ဟိုတင့်ကျေးရွာအနီးတွင် လွိုင်လင်မှ တောင်ကြီးဘက်သို့ ခင်ထွေး (ခ) ခင်သိန်း မောင်းနှင်လာသည့်  TOYOTA  ALPHARD မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၃၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၅ သန်း သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာ ၂၀ ရက် ညနေ ၅ နာရီတွင် ပူးပေါင်းအဖွဲ့သည် ကွင်းဆက်တရားခံ စိုင်းလွယ်ခမ်းနေထိုင်သည့် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ နေအိမ်ကို ဆက်လက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ ပစ္စတိုသေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊   9 MM LUGER ကျည် အတောင့်၅၀ ၊ လက်ပစ်ဗုံး ၂ လုံးနှင့်ဆက်စပ်ပစ္စည်းများ၊ TOYOTA HARRIER မော်တော်ယာဉ် နှစ်စီး၊ TOYOTA CROWN မော်တော်ယာဉ် တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ် (တောင်ပိုင်း) မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများ ပိုင်ဆိုင်သည့် ငွေကြေး အကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်