ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလောနှင့် ဟိုပုံးမြို့နယ်များ စဉ်ဆက်ပညာရေး လုပ်ငန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်၊ ဇန်နဝါရီ ၇

 

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသင်ပညာရေးနည်းလမ်းဖြင့် သင်ကြားခွင့် မရရှိခဲ့သူများအတွက်‌ ကျောင်းပြင်ပ ပညာရေးနည်းလမ်းဖြင့် သင်ကြားပေးနိုင်ရေး ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း၏ ကဏ္ဍ တစ်ရပ်ဖြစ်သည့် စဉ်ဆက်ပညာရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး၊ ကလောနှင့် ဟိုပုံးမြို့နယ်များ စဉ်ဆက်ပညာရေး လုပ်ငန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ကျင်းပသည်။

 

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ ပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းပြင်ပနှင့် တစ်သက်ပညာရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ်ပညာ‌ရေးမှူးရုံးတို့မှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ စဉ်ဆက်ပညာရေးလုပ်ငန်းတွင် သင်ကြားပေးလျက်ရှိသည့် စေတနာလုပ်အားပေး နည်းပြများနှင့် ကြီးကြပ်များ၊ ပညာရေး မိသားစုဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

mdn

 

ဉီးစွာ အခမ်းအနားကိုတောင်ကြီးမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက "အနာဂါတ်မျှော်တွေး စဥ်ဆက်ပညာရေး" တေးသီချင်း ဖြင့်သီဆို ဖွင့်လှစ်သည်။

 

ထို့နောက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဥ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှု ဗဟိုကော်မတီနာယက ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အလေးထားဆောင်ရွက်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှုပြုခဲ့ပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနနှင့်အတူ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ် (၄) ခု၊ ဧရာဝတီတိုင်းဒေသကြီးမြို့နယ် (၅) ခုနှင့် နေပြည်တော်ပြည်ထောင်စုနယ်မြေ မြို့နယ် (၈) ခုတို့တွင် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း စတင်ဆောင်ရွက်ခြင်း အစီအစဉ်များနှင့် စာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးဖြစ်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး၊ ကလောနှင့် ဟိုပုံးမြို့နယ်တို့တွင် စဉ်ဆက်ပညာရေးလုပ်ငန်း ဆောင်ရွက်ခြင်း အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် စာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော် ပြည်ထောင်စု နယ်မြေများရှိ သတ်မှတ်မြို့နယ်များတွင် စာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးပါက ဆက်လက် လုပ်ဆောင်ရမည့် စဉ်ဆက်ပညာရေးလုပ်ငန်းများကို ဒေသအစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျေးလက်နေ ပြည်သူများနှင့် အစွန်အဖျားဒေသများရှိ တိုင်းရင်းသား ပြည်သူများအားလုံး စာတတ်မြောက်ရေးအတွက် ဆောင်ရွက်သွားရမည့် ကျောင်းပြင်ပပညာရေးကဏ္ဍ၏ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း၊ စဉ်ဆက်ပညာရေးလုပ်ငန်းတို့ကို ဦးတည်အုပ်စုများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်နေသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေခဲ့ရသည့် ကလေးများ ကျောင်းနေအရွယ်လွန် ကလေးများနှင့် စာမတတ်သူကလေးများအတွက် ဦးတည်အုပ်စုအဖြစ် အသက် ၁၀ နှစ်နှင့် ၁၄ နှစ်အရွယ် ကလေးများအား ဖော်ဆောင်ပေးလျက်ရှိသည့် တန်းညှိပညာရေး အစီအစဉ်ဖြစ်သည့် ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်နှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေး အစီအစဉ်များကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ တိုးချဲ့ဆောင်ရွက်သွားနိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားသည်။

 

ယင်းနောက် ရှမ်းပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဥ်ဆက်ပညာရေး လုပ်ငန်းကြီးကြပ်မှုကော်မတီနာယက၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ဇော်အေး က အမှာစကားပြောကြားသည်။

 

ဆက်လက်၍ တောင်ကြီးမြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊‌ ကျောင်းသူများက “လူတိုင်းအတွက် ပညာရေး”တေးသီချင်းဖြင့် သီဆိုဂုဏ်ပြု ကြသည်။

 

ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက ကျောင်းပြင်ပ ပညာရေးကဏ္ဍနှင့် စဉ်ဆက်ပညာရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တေးသီချင်းဖြင့်ဂုဏ်ပြုဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်က လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပေးအပ်သည့် ထောက်ပံ့ငွေနှင့်ပစ္စည်းများကို ကယားပြည်နယ် အခြေခံပညာ‌ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများသို့ပေးအပ်ရာ ကယားပြည်နယ်ပညာရေးမှူးက လက်ခံရယူသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ခင်းကျင်းပြသထားသော အခြေခံ စာတတ်မြောက်ရေးနှင့် စဉ်ဆက်ပညာရေးလုပ်ငန်း ပြခန်းကို လှည့်လည် ကြည့်ရှုကြသည်။

 

ကျောင်းပြင်ပ ပညာရေးကဏ္ဍတွင် အခြေခံစာ တတ်မြောက်ရေးလုပ်ငန်း သင်ကြားခြင်းကို အဆိုပါမြို့နယ် ၃ ခုတွင် ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အတွက် စာတတ် မြောက်ရေးလုပ်ငန်း သင်ကြားပြီးခဲ့သူများ၊ ငယ်စဉ်က မူလတန်းပညာ ပြီးမြောက်ခဲ့သူများနှင့် မူလတန်းပညာကို တစ်ပိုင်းတစ်စနှင့် ကျောင်းထွက်ခဲ့ရသူများအား ဦးတည်အုပ်စုအဖြစ် သတ်မှတ်၍ အသက် ၁၅ နှစ်နှင့်အထက် လူငယ်နှင့်သက်ကြီးပိုင်းအရွယ်များကို စာသင်သားများအဖြစ် စာရင်းကောက်ယူပြီး စာသင်ဝိုင်းများစုဖွဲ့၍ စဉ်ဆက်ပညာရေးကို ၁ ရက်ပျမ်းမျှ ၃ နာရီနှုန်းဖြင့် နာရီပေါင်း ၂၇၀၊ ရက်ပေါင်း ၉၀ ကြာ သင်ကြားခြင်း အစီအစဉ်များ ကို ဆောင်ရွက်လျက်ရှိသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့နယ် အခြေခံပညာအလယ်တန်း‌ ကျောင်း (ကုန်းပေါ်)၊ အခြေခံပညာ အထက်တန်း‌ကျောင်း(ရွှေညောင်)၊ ကလောမြို့နယ် အောင်ပန်းမြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း (ဝါးရုံပင်)၊ အခြေခံပညာအထက်တန်းကျောင်း (အင်းခေါင်း)၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း (အောင်ပန်း) ကျောင်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်