ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်နှင့် ဟိုပုံးမြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ဇန်နဝါရီ ၂၄

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်နှင့် ဟိုပုံးမြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် တောင်ကြီးမြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

ဦးစွာ အခြေခံပညာကျောင်းသားကျောင်းသူများက လူတိုင်းအတွက်ပညာရေး ကိုယ်စားပြု “ဝထကလသ” တေးသီချင်းဖြင့် သီဆို ဂုဏ်ပြုဖွင့်လှစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့သည် ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်နှင့် ဟိုပုံးမြို့နယ်များတွင် ဇန်နဝါရီ(၂၂)ရက်မှစ၍ ရက်(၄၀)တိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်၍ ပြည်နယ်အတွက် ဝမ်းမြောက်ဂုဏ်ယူရသည့် နေ့ဖြစ်ပါကြောင်း။

အဆိုပါ စာတတ်မြောက်ရေးလုပ်ငန်းများရဲ့ အောင်မြင်မှုရလဒ်များအဖြစ် ကုလသမဂ္ဂ လက်အောက်ခံ ယူနက်စကိုအဖွဲ့ကြီးက ချီးမြှင့်သည့်   မိုဟာမက်ရီဇာ ပါလာဗီဆုကို ၁၉၇၁ ခုနှစ် နှင့်  နိုမာဆုတို့ကို ၁၉၈၃ခုနှစ် များတွင် ရရှိခဲ့သည့်အတွက် ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံသည် ဂုဏ်တင့်တယ်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ခုနှစ်၊ ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့တွင် ကျင်းပခဲသည့် ကမ္ဘာ့ပညာရေးဝန်ကြီးများညီလာခံက ထုတ်ပြန်ထားသည့်  အင်ချွန်းကြေညာစာတမ်းပါ “သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်အရောက်တွင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူငယ်များနဲ့ အရွယ်ရောက်ပြီးသူ အမျိုးသားများနဲ့  အမျိုးသမီးများအားလုံး အရေး၊ အဖတ်နှင့် အတွက်အချက် တက်မြောက်စေရေး” ဟူသော ဘုံရည်မှန်းချက်ပန်းတိုင် ပြည့်မီအောင် မြန်မာနိုင်ငံတွင် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းများရေးဆွဲ၍ နှစ်အလိုက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိနေပါကြောင်း။

နိုင်ငံတော်အနေဖြင့် ကျောင်းသင်ပညာရေးကို အားပေးသလို ကျောင်းပြင်ပ ပညာရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားရန်နှင့် “စာမတတ် သူပပျောက်ရေးမှသည် စာမ ဖတ်သူပပျောက် ရေး”ကို ဆောင်ရွက်သွားရန်အတွက် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော် ဝန်ကြီးချုပ်က မိန့်ကြားထားခဲ့ပြီးဖြစ်ပါကြောင်း။

ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်(၃)ခုတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ  ဆောင်ရွက်နိုင်ရန် ပူးပေါင်းညှိနှိုင်း စီမံဆောင်ရွက်ပေးသည့် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်က ဖွဲ့စည်းပေးထားသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကျေး စာတတ်မြောက်ရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီဝင် ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများကို  အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားသည်။ 

ယင်းနောက် ရှမ်းပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ နာယက၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က အမှာစကား ပြောကြားသည်။

ဆက်လက်၍ အခြေခံပညာ ကျောင်းသားကျောင်းသူများက “စာတတ်မြောက်ရေး ဝိုင်းကူပေး” တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုကြသည်။ 

ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း က စာတတ်မြောက်ရေးနှင့် ကျောင်းပြင်ပပညာရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
 
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်တို့က တေးသီချင်းဖြင့် ဂုဏ်ပြု ဖျော်ဖြေ ခဲ့ကြသည့် အခြေခံပညာ ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်များကို ဂုဏ်ပြု ဆုငွေများပေးအပ်ကြပြီး ခင်းကျင်းပြသထားသော ပြခန်းကိုလှည့်လည်ကြည့်ရှုကြသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ဟိုပုံးမြို့နယ် အကထ(ခွဲ)၊ပေါင်လင်း စက်မှုနှင့် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း တည်ဆောက်နေမှုကို ကြည်ရှုစစ်ဆေး၍ လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ချင်းကုန်းစာတတ် မြောက် ရေးစာသင်ဝိုင်းနှင့်တောင်ကြီးမြို့ ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ၊ ဒုံအုံး စာတတ်မြောက်ရေး စာသင်ဝိုင်းများသို့ သွားရောက်၍ စာတတ်မြောက်ရေးသင်ကြားသင်ယူနေမှုများကို ကြည့်ရှုအား ပေးကာစာသင်သားများနှင့်နည်းပြများကို စာတတ်မြောက်ရေးထောက်ပံ့ ပစ္စည်းများနှင့် ထောက်ပံ့ငွေများ၊ ကျောင်းအတွက်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်