ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း လာရှိုးခရိုင်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ  တက်ရောက်

လားရှိုး  ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းသည် တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက် ၉ နာရီက  ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပ  ပြုလုပ်သည့်  ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများအား  ပန်းခင်းစီမံချက်ဖြင့် ပြုလုပ် ဆောင်ရွက်ပေးခဲ့သည့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲသို့ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တစ်နိုင်ငံလုံးမှာရှိသည့် ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်း စီမံချက်ကို  နိုင်ငံတော်စီမံချက်အဖြစ်သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်တွင် ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုနှင့်အတူ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ယနေ့တွင် လားရှိုးခရိုင်အတွင်း လားရှိုး၊ သိန်းနီ၊ တန့်ယန်း၊ မိုင်းရယ်၊ ကွမ်းလုံမြို့နယ်များမှ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား ၄၀၉၁ ကတ်အား လက်ဝယ်အရောက်ပေးအပ်ခြင်းဖြစ်သည့်အပြင် ယခုကဲ့သို့ ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်မှုအား (၅)ကြိမ်ပေးအပ်ရာတွင် စုစုပေါင်းနိုင်ငံသားစိစစ်ရေး ကတ်ပြား ၁၂၀၇၈ ကတ်ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်သည့်အတွက်  ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် တာဝန်ရှိသူများက  လားရှိုးခရိုင် အတွင်း မှ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာ  ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဝေဖြိုးလေး