ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ

တောင်ကြီး ၁၆ စက်တင်ဘာ

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့ ညနေ ၃ နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ကျင်းပသည်။

 

a

 

ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက ကွင်းအတွင်းနေရာယူ၍ စစ်ရေးပြမှူးမှဦးဆောင်ကာ ပြည်နယ် ဝန်ကြီးချုပ်အား အလေးပြုကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားရာတွင် အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှတစ်ဆင့် ရှမ်းပြည်နယ်အတွက် ထူးချွန်ထက်မြက်သည့် လက်ရွေးစင်အားကစားသမားများ ကိုရွေးချယ်ပြီး နေပြည်တော်တွင် ၂၀၁၉ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ (၃)ရက်နေ့ထိ ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ရှမ်းပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ မိမိ တို့နိုင်ငံတော်တွင် မြန်မာ့အားကစားနိုင်ငံတကာအဆင့်မီ တက်လှမ်းနိုင်ရန်ရည်ရွယ်ပြီး စီမံကိန်းများချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မျိုးဆက်သစ်လူငယ် အားကစားသမားများ စုဆောင်းရရှိရေးသည် အဓိကအရေးအကြီးဆုံးဖြစ်ပါ ကြောင်းနှင့် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ ရှမ်းပြည်နယ်အတွက် ထူးချွန်ထက်မြက်သည့် အားကစားသမား ကောင်းများပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်း၊ မြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အားကစားသမားများ အနေဖြင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ နိုင်ငံဂုဏ်၊ အမျိုးသားရေးဂုဏ်များ မြှင့်တင်နိုင်အောင် “လှေခွက်ကြီးကျန်၊ အလံမလှဲ” စွမ်းစွမ်းတမံ ပြိုင်ပွဲဝင်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသွားသည်။

 

a

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များတို့က ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြပြီး၊ ပြိုင်ပွဲများစတင် ယှဉ်ပြိုင်နေသည့် အမျိုးသား၊ အမျိုးသမီးမီတာ(၁၀ဝ×၄) လက်ဆင့်ကမ်းပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးမီတာ(၄၀ဝ)ပြိုင်ပွဲ၊ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြ၍ ဆုပေးပွဲချီးမြှင့်ရာ အမျိုးသားမီတာ(၁၀ဝ×၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမဆုရရှိသော မဘိမ်းမြို့နယ်အသင်း၊ ဒုတိယဆုရရှိသော နမ့်ခမ်း မြို့နယ်အသင်း၊ တတိယဆုရရှိသော ညောင်ရွှေမြို့နယ်အသင်းတို့ကို တစ်ဦးချင်းဆုတံဆိပ်အား ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ လင်းထွဋ်ကပေးအပ်ကာ ငွေသားဆုများကို ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် မဘိမ်းမြို့နယ်၊ ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များတို့မှ အသီးသီးဆုများပေးအပ်ချီးမြှင့်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)