ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

တောင်ကြီး  ၅ ဇွန် 


၂၀၁၉ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပိုက်ကျော်ခြင်း အားကစားနည်းသည် နည်းစနစ်ကိုအခြေခံပြီး တစ်ဦးချင်း ကျွမ်းကျင်မှု၊ လျင်မြန်ဖျတ်လက်မှု၊ သက်လုံနှင့် ကြံ့ခိုင်မှုတို့ပါ ပြည့်ဝရန်လိုအပ်သည့် အားကစားနည်းဖြစ်သည့်အပြင် အသင်းလိုက် စုစည်းညီညာစွာနှင့် အပေးအယူမျှတစွာ ကစားရသည့် အားကစားနည်း ဖြစ်ပါကြောင်း၊ အနိုင်မခံ အရှုံးမပေးသော ဇွဲစိတ်ဓာတ်နှင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေများကို တသွေမတိမ်း လိုက်နာရသည့် စည်းကမ်းသေဝပ်မှု၊ တရားသော ယှဉ်ပြိုင်အနိုင်ရမှု၊ မိမိအသင်းသားများနှင့် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု စသည့် ကာယ၊ ဉာဏ၊ စာရိတ္တနှင့် မိတ္တစွမ်းရည်ကိုပါ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ပြောကြားသည်။


ပြိုင်ပွဲသို့ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၃၈)မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း(၃၇)သင်းတို့မှ ဇွန် ၅ ရက်မှ ၉ ရက်ထိ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။


ပြိုင်ပွဲတွင် ဆုရရှိသူများနှင့် အကောင်းဆုံး အားကစားသမားများအား ရွေးချယ်၍ နေပြည်တော်၌ ဇွန် ၂၅ ရက်မှ ဇူလိုင် ၅ ရက်အထိ ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီး/ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ရှမ်းပြည်နယ် ကိုယ်စားပြု လက်ရွေးစင် အသင်းအနေဖြင့် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။


မောင်မောင်သန်း(တောင်ကြီး)

 

1