ရှင်မတောင် သစ်တောကြိုးဝိုင်းအတွင်း သဘာဝမြေသားကန်များ ရေခန်းခြောက်လာသဖြင့် တိရိစ္ဆာန်များအတွက် ရေသွားရောက်ဖြည့်

ရေစကြို  ၂၉  မေ  

 

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်သစ်တောကြိုးဝိုင်းအတွင်း တိရစ္ဆာန်များသောက်သုံးနေသည့် သဘာဝမြေသားရေကန်များ၌ ရေခန်းခြောက်လာသဖြင့် ရေစကြိုမြို့နယ် ရှင်မတောင်ဒေသ ရွှေသမင်နှင့် တောရိုင်းတိရိစ္ဆာန်များ ထိန်းသိမ်းရေးအဖွဲ့နှင့်  ကံပွင့်မိသားစု ရေအလှူတော်အဖွဲ့တို့ ပူးပေါင်းကာ သစ်တောကြိုးဝိုင်းအတွင်းရှိ  ကျောက်ရေကန်ကြီးများအတွင်းသို့ ရေသွားရောက် ဖြည့်ခဲ့ကြကြောင်း သိရသည်။

 

222

 

“အခုက ရာသီဥတုကပူတော့  ရှင်မတောင် သစ်တောကြိုးဝိုင်းထဲမှာ ရေမရှိတော့ဘူးပေါ့။ တောကလည်း ခန်းခြောက်နေတာ၊ တိရိစ္ဆာန်လေးတွေအတွက် ရေသောက်စရာမရှိတော့ဘူး။ အဲဒါကြောင့်  ရှင်မတောင် တောင်ခြေမှာရှိတဲ့  ကျောက်ရေကန်ကြီးတွေထဲကို ရေသွားဖြည့်ပေးခဲ့တာပါ” ဟု ကံပွင့် မိသားစု ရေအလှူတော်အဖွဲ့ခေါင်းဆောင် ဦးခင်ဇော်ကပြောသည်။

 

ရှင်မတောင်သည် ကျောက်တောင်အမျိုးအစား တောင်ဖြစ်သဖြင့် တောင်ခြေအနီးတစ်ဝိုက်ရှိ  ဒေသခံများမှ တောင်ခြေအနီး ကျောက်သားများကိုတူးကာ ကျောက်တုံးကျောက်ပြားများ ထုတ်လုပ်ခြင်းကြောင့် ဖြစ်ပေါ်နေ သော ရေကန်ကြီးများမှာ တောင်ခြေတစ်ဝိုက်တွင် အများအပြားရှိနေရာ အဆိုပါ ရေကန်ကြီးများအတွင်း တိရိစ္ဆာန်များအတွက် ရေသွားဖြည့်ပေးကြခြင်းဖြစ်ကြောင်းသိရသည်။

 

3333

 

 

“ အခုမေလကစပြီးတော့  ၁၀ ရက်ကို တစ်ခေါက်လောက် ရေကန်ကြီးတွေထဲကို ကားတစ်စီးစာ ရေဂါလန် ၁၈၀ဝ ကို သွားသွားဖြည့်ပေးတာပေါ့။ ရေတစ်ခါဖြည့်ရင် တစ်ကန်ပေါ့  ရေကန်ဘောင်ပေါ်မှာ  သမင်ခြေရာလေးတွေ တွေ့ခဲ့တော့ သူတို့ ဒီရေကန်တွေဆီမှာ ရေလာသောက်တက်တယ်ဆိုတာ သိရတာပေါ့” ဟု ရှင်မတာင်ဒေသ ရွှေသမင်နှင့် တောရိုင်းတိရိစ္ဆာန်များ ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဟန်က ပြောသည်။

 

1

 

သစ်တောကြိုးဝိုင်းအတွင်းရှိ တိရိစ္ဆာန်များသည် တောအတွင်း သောက်ရန်ရေမရှိပါက  သစ်တောအနီးရှိ ကျေးရွာများအတွင်းဝင်ရောက်ကာ ရေရှာဖွေကြခြင်းများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။ ရှင်မတောင် သစ်တောကြိုးဝိုင်းဧရိယာအတွင်းတွင် ရွှေသမင်နှင့် အခြားသမင်မျိုးစိတ်များ၊ ဂျီ၊ ချေ၊ တောယုန်၊ ခွေးအ၊ တောကြက်၊ မျောက်၊ ဖွတ်၊ ပုတက်၊ တောခွေး၊ တောကြောင်၊ တောင်ဆိတ် စသည့် တိရိစ္ဆာန်များ နေထိုင် ကျက်စားလျက်ရှိကြောင်း သိရသည်။

 

အိမွန်ဆွေ(ရေစကြို)