ရှင်သန်ခွင့်

 


ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်လေးဖက်လေးတန်မှာ အာရုံ ငါးပါးရဲ့ ဆူညံနှောင့်ယှက်မှုတွေက ပတ်လည်ဝန်းရံ လို့နေတယ်။ မနက်မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်လိုက်တာ နဲ့ စိတ်နှလုံးအေးချမ်းစွာ နိုးထနိုင်ကြပါရဲ့လား။ နေ့နေ့ ညည ထိုးနှက်တိုက်ခိုက်နေတဲ့ ကိုဗစ်စစ်ပွဲ (ရောဂန္တရ ကပ်ဆိုး)ရဲ့ ထိခိုက်ကြေကွဲ ဝမ်းနည်းစရာသတင်းတွေက ကမ္ဘာနဲ့တစ်ဝန်းမှာ ကြားနေရတယ်။
ဒီနေ့ ပေါ့စတစ် ဘယ်နှယောက်တဲ့လဲ၊ မနက် တစ်ကြိမ်၊ ညတစ်ကြိမ် ၈နာရီနဲ့ ၉နာရီကြား ထုတ်ပြန်မယ့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သတင်းကြေညာ ချက်ကို ရင်ခုန်စွာ စောင့်စား၊ သတင်းစာတွေ မရောက်ကြ သေးဘူးလား။ မျှော်လင့်စောင့်စား။ အရင်ကတော့ အားချိန် နားချိန်ရောက်မှ သတင်းစာလေး လှန်လှောကြည့်ကြရ တာ။ အခုတော့ သတင်းစာအလိပ်ကလေး သံတံခါးကြား ထိုးထားခဲ့ပြီဆိုတာနဲ့ သတင်းစာကို အရက်ပြန် စပရေးနဲ့ တရွှီးရွှီးဖျန်း။ ဘယ်လိုမှတော့ မအောက်မေ့စေချင်ပါ။
ရေရွတ်နေစရာမလို
တံခါးလက်ကိုင် ဘုလုံးတွေ၊ သော့ခလောက်တွေ၊ လှေကားလက်ရန်းတွေ ပိုးသတ်၊ အရက်ပြန် စပရေးနဲ့ဖျန်း။ လက်ဆေးပါ၊ အိမ်ထဲမှာနေပါ။ အဓိကက မိမိကြောင့် သူတစ်ပါးကို ရောဂါမကူးစက်စေရ။ အဲဒီ အသိ၊ သတိက အလိုလို ရှိနေတာဆိုတော့ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် အရေးကြီးသည်လို့ ရေရွတ်နေစရာမလို တော့ပါ။
နေ့စဉ်သတင်းစာထဲက လက်ရှိအနေအထား ထူးခြားဖြစ်စဉ်တွေ၊ ကြေညာချက်၊ သတိပေးချက်တွေ၊ နိုင်ငံတကာရဲ့ ကိုဗစ်-၁၉ တိုက်ဖျက်နည်းတွေ၊ ကိုယ့်နိုင်ငံ ရဲ့ လှုပ်ရှားမှုတွေ၊ ဘယ်နိုင်ငံမှာ ဘယ်လိုကာကွယ်ဆေး တွေ၊ ကုသနိုင်မယ့်နည်းလမ်းတွေ စမ်းသပ်ရှာဖွေနေပြီ လဲ။ ဘယ်နိုင်ငံရဲ့ ဘယ်ပုဂ္ဂိုလ်ကြီးတွေမှာ ရောဂါပိုးတွေ့နေ ရပြီ၊ ဘယ်သူတွေတော့ သေဆုံးသွားပြီဆိုတဲ့ သတင်းတွေ ကို ဖတ်ရှုရတယ်။
တကယ်တော့ ပေါ့စတစ်ဆိုတာ အပေါင်းလက္ခဏာ၊ သာမန်အားဖြင့် အကောင်းလက္ခဏာ။ ရောဂါအနေနဲ့တော့ မကောင်းလက္ခဏာ၊ နဂ္ဂတစ်ဆိုတာ အနုတ်လက္ခဏာ၊ သာမန်အားဖြင့် မကောင်းတဲ့လက္ခဏာ။ ယုတ်လျော့တဲ့ သဘောပါ။ ရောဂါမှာတော့ ဝမ်းသာစရာ အကောင်း ပြယုဂ်ပါ။ ခုအချိန်အခါ ပေါ့စတစ်ဆိုတဲ့စကား မကြား လိုပါ။
ရှေးလူကြီးစကားရှိတယ်။ နှစ် ၁၀၀ နေရင် ကပ်တစ်ခါဆေးတယ်။ အခုလိုရောဂါဆန်းတွေ ပေါ်လာ တာ ကမ္ဘာမှာ ကပ်ဆေးတာတဲ့။ ဒါန၊ သီလ၊ ဘာဝနာ အားတွေ နှလုံးသားမှာ၊ ခန္ဓာမှာ ကိန်းနေမှ အဲဒီ ရောဂန္တရ ကပ်ကို ကျော်လွှားနိုင်မှာ။ ဒါကြောင့် စိတ်ကောင်းထား ကြပါ၊ မေတ္တာထားကြပါ၊ ကုသိုလ်စိတ်တွေပွားကြပါတဲ့။ အဲဒီရှေးစကားလေးကို သတိရမိသွားတော့ လွန်လေပြီး သော အတိတ်ကာလတွေကို ပြန်ကြည့်မိတယ်။
၁၂ ကြိမ်မြောက် ကပ်ရောဂါဆိုး
၁၈၈၈ ခုနှစ် မှာ ကာလဝမ်းရောဂါဖြစ်ခဲ့ပြီး လူပေါင်း များစွာ သေကျေပျက်စီးခဲ့တယ်။
၁၈၉၉ ခုနှစ်မှာ ကျောက်ရောဂါ၊ ၁၉၀၆-၁၉၀၇ ခုနှစ်မှာ ပလိပ်ရောဂါ၊ ၁၉၂၀ ပြည့်နှစ်ဝန်းကျင် (၁၉၁၈-၁၉၁၉) မှာ ဥရောပကနေ မြန်မာနိုင်ငံကို ရောက်လာခဲ့တဲ့ စပိန်တုပ်ကွေးမှာလည်း အထိနာခဲ့ရတယ်။ နောက် အခြားသော ဝက်တုပ်ကွေး၊ (H3N2) ဟောင်ကောင် တုပ်ကွေးကတော့ ၁၉၆၈-၁၉၇၀ အတွင်း ဖြစ်ပွားခဲ့တာပါ။ ၁၉၂၅ မှ ၁၉၄၈ အထိ ပလိပ်ရောဂါ(၆)ကြိမ် ဖြစ်ခဲ့တယ်လို့ ဖတ်မှတ်ရ တယ်။ ၂၀၀၃ မှာ ဆားစ်ရောဂါ၊ ၂၀၀၆ မှာ H1N1၊ ၂၀၁၄ မှာ အီဘိုလာ၊ အခု ၂၀၂၀ မှာတော့ ၁၂ ကြိမ်မြောက် ကပ်ရောဂါဆိုး ကိုဗစ်-၁၉ နဲ့ ရင်ဆိုင်ကြရ တယ်။ ကိုရိုနာဗိုင်းရပ်စ် ၂၀၁၉ (SARS CoV- 2) က ဗိုင်းရပ်စ်အသစ် ဖြစ်တယ်။
တရုတ်နိုင်ငံ ဟူပေပြည်နယ်ရဲ့ မြို့တော်ဝူဟန်က စခဲ့တဲ့ ဇာတ်လမ်းဟာ အခု ကမ္ဘာ့နိုင်ငံပေါင်းများစွာမှာ ပျံ့နှံ့ကူးစက် အထိနာနေကြရပြီ။
ရောဂါရဲ့ ထိခိုက်မှုတွေ၊ နစ်နာမှုတွေက တစ်ကမ္ဘာ လုံး ရင်ဆိုင်နေကြရတာဖြစ်တယ်။ အိမ်ရှေ့မင်းသား၊ ရုပ်ရှင်မင်းသား၊ နိုင်ငံ့အကြီးအကဲ၊ တော်ဝင်မင်းသမီး၊ သူဌေးသူကြွယ်၊ ချမ်းသာဆင်းရဲ၊ ဆူကြုံနိမ့်မြင့် ဘယ်သူ့ကိုမှ မရှောင်၊ မငဲ့ကွက် ရောဂါတွေ ကူးစက်ခံနေ ကြရတယ်။
အီရန်လွှတ်တော်ဥက္ကဋ္ဌ အလီလာရီဂျာနီ၊ အစ္စရေး ကျန်းမာရေးဝန်ကြီး ယာကော့ဗ်လစ်သ်ဇ်မန်၊ ဗြိတိန် ကျန်းမာရေးဝန်ကြီး မတ်ဟန်ကော၊ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၊ ဖိလစ်ပိုင်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဖယ်ရီမွန် ဆန်တော့စ် ဂျူနီယာ၊ ဖိလစ်ပိုင် ပြည်ထဲရေးဝန်ကြီး စသည်တို့မှာ ရောဂါပိုးကူးစက်ခံ နေတယ်။
သေခြင်းတရားကို ဆင်ခြင်မိ
ဆိုမာလီယာ ဝန်ကြီးချုပ်ဟောင်း နျူဟတ်ဆန်ဟူစိန်၊ စပိန်တော်ဝင်မင်းသမီး မာရီယာ ထရီဇာနဲ့ ဂျပန် သရုပ်ဆောင်မင်းသမီး အိုကေကူမီကူတို့ကတော့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ကွယ်လွန်သွားရှာကြပါပြီ။ သတင်းတွေ ဖတ်ရင်း တရားကျမိသလို သေခြင်းတရားကို ဆင်ခြင်မိ ရပါတယ်။
နိုင်ငံတိုင်း နိုင်ငံတိုင်း ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်စေ၊ ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်စေ၊ မဖွံ့ဖြိုးတဲ့ နိုင်ငံဖြစ်စေ ကိုဗစ်စစ်ပွဲကို အပြင်း အထန် ရင်ဆိုင်တိုက်ပွဲဝင်နေကြရပါတယ်။
မြန်မာနိုင်ငံမှာတော့ ၂၃-၃-၂၀၂၀ ရက်နေ့ကစပြီး ပြည်ပက ပြန်လာတဲ့ အမျိုးသား နှစ်ဦးမှာ စတင်တွေ့ရှိခဲ့ တယ်။ အခုဆိုရင် ၂၆-၄-၂၀၂၀ စာရင်းအရ ပိုးတွေ့သူ ၁၄၆ ဦး၊ တစ်လကျော်ကာလအတွင်းမှာ ၁၄၀ ကျော်ခဲ့ပြီဆိုတော့ ရှေ့လာမယ့် အလားအလာကို ကြိုတင်မှန်းဆလို့ မရနိုင် ပါဘူး။
ရောဂါပိုးရဲ့ ကြာမြင့်ချိန်၊ ရောဂါပိုးရဲ့ သဘောသဘာဝ၊ ရောဂါပိုးအသစ်အတွက် လူသားတွေရဲ့ ကိုယ်ခံအားစနစ်၊ လိုက်နာဆောင်ရွက်နိုင်မှု အတိုင်းအတာ၊ အားလုံးက ပုံသေနည်းနဲ့ တွက်ချက်လို့မရသလို ဗေဒင်ကိန်းခန်းအရ လည်း ပြောဟောလို့မရနိုင်ပါဘူး။ ရောဂါပိုးက အသစ် ဖြစ်တာကြောင့် လူထုထဲကို ကူးစက်ပြီဆိုရင် ၈၀ ရာခိုင်နှုန်း က ရောဂါလက္ခဏာမပြတဲ့သူတွေရှိနိုင်တယ်။ ၁၄ ရာခိုင်နှုန်း က ရောဂါလက္ခဏာပြမယ်။ ဝေဒနာ ခံစားရမယ်။ ကျန်တဲ့ ၆ ရာခိုင်နှုန်းဟာ ဝေဒနာပြင်းစွာ ခံစားရပြီး အသက်ဆုံးရှုံး နိုင်တယ်။ မူလက ဆီးချို၊ နှလုံး၊ သွေးတိုး၊ ကျောက်ကပ် ရောဂါအခံရှိသူ၊ အသက်ကြီးသူတွေမှာ ပိုပြီး ထိခိုက်နိုင် ခြေများတယ်။
ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ကပ်ရောဂါအသွင် ပျံ့နှံ့မလာအောင် ရောဂါပိုးရှိသူ များပြားမလာအောင်ဆိုရင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်မှုအပေါ်မှာ မူတည်နေတယ်။
နိုင်ငံတကာကိုကြည့်ရင် ပြင်သစ်သမ္မတ ‘မင်နျူ မက်ခရွန်’ကတော့ သူ့အနေနဲ့ ဒီဗိုင်းရပ်စ်ကို ကာကွယ်ဖို့ အသင့် မဖြစ်သေးဘူးလို့ ဖြစ်ခါစမှာ ရိုးသားစွာ ဝန်ခံခဲ့ တယ်။ ဒီကာလမှာပဲ ဘရာဇီးလ်သမ္မတ‘ဂျာဘိုလ်ဆိုနာရို’ကတော့ သူ့ရဲ့ကျန်းမာရေးဝန်ကြီး “လူးဝစ်ဇ် ဟင်နရစ် မန်ဒက်တာ” ကို ရာထူးက ထုတ်ပယ်ပစ်ခဲ့တယ်။ သမ္မတက သာမန် ဖျားနာမှုတစ်ခုအဖြစ် ဘေးချိတ်ဖို့ ကြိုးစားတယ်။ ကိုဗစ်ကို လျှော့တွက်တယ်။ သက်သေမပြနိုင်တဲ့ ကုသမှု တွေကို အားပေးခဲ့တယ်လို့ဆိုတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ ကျန်းမာရေးဝန်ကြီးကတော့ တစ်ကမ္ဘာလုံး လုပ်ဆောင် နေတဲ့ လမ်းညွှန်ချက်တွေကို ပြည်သူတွေ လိုက်နာဖို့ တိုက်တွန်းခဲ့တယ်။ ပြည်သူတွေ ခပ်ခွာခွာနေကြဖို့၊ အိမ်ထဲ မှာ နေကြဖို့နဲ့ အသွားအလာကန့်သတ်ဖို့ အမိန့်ထုတ်ခဲ့တဲ့ဒေသန္တရအုပ်ချုပ်ရေးမှူးတွေကို ချီးမွမ်းခဲ့တာတွေက သမ္မတနဲ့ သဘောထားကွဲလွဲခဲ့တာ ဖြစ်တယ်။ ပြောရရင် အဲဒီအချိန် ဘရာဇီးလ်မှာ ပိုးတွေ့လူနာ ၂၉၁၆၅ ဦးရှိပြီး ၁၇၆၄ ဦး သေဆုံးခဲ့ပြီဖြစ်ပါတယ်။
အစိုးရနဲ့ပြည်သူ ပူးပေါင်း
မြန်မာနိုင်ငံအနေနဲ့ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ပြီး လုပ်နေတယ်။ စောင့်ကြပ်ကြည့်ရှုခြင်းကိုလည်း သတိရှိရှိလုပ်နေတယ်။ အစိုးရနဲ့ပြည်သူ ပူးပေါင်းတယ်။ အစိုးရနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဝန်ထမ်းတွေ တစ်သားတည်း ရှိတယ်။ အစပိုင်းမှာတော့ လိုအပ်ချက်၊ လစ်ဟာချက်ဆိုတာ ရှိမှာပဲ။ ဒီရောဂါက ဒီအချိန်မှာ ဖြစ်မယ်လို့ ဘယ်သူမှ ကြိုသိတာမဟုတ်ပါဘူး။ အကာအကွယ် ဝတ်စုံ(PPE)တို့၊ နှာခေါင်းစည်း (Mask)တို့၊ အသက်ရှူအထောက်အကူပြု ကိရိယာ (Ventilator) တို့ဆိုတာတွေက ဘယ်နိုင်ငံမှာမှ စတိုထဲမှာ အများကြီးရှိမနေခဲ့ဘူး။ ကြိုတင်ပြီး ထုတ်လုပ် ထားခြင်းမရှိလို့သာ ကမ္ဘာမှာ ချမ်းသာလှပါတယ်ဆိုတဲ့ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်နဲ့ အီတလီ၊ ဂျာမနီ၊ ကိုရီးယား၊ ဂျပန်တွေမှာ ပစ္စည်းတွေ ပြတ်လပ်သွားတာကို ကြားမိမှာပါပဲ။
အဲဒီအခါ အပြစ်တင်၊ ဘေးထိုင်ဘုပြော၊ ဝေဖန်ရေး လုပ်၊ ပွဲလန့်တုန်း ဖျာခင်းလိုသူတွေ ပြောသမျှ နားမထောင် အားကြဘူး။ ဂရုမစိုက်နိုင်အားဘူး။ တကယ့်မေတ္တာ စေတနာမှန်နဲ့ တိုင်းပြည်ကို ကယ်တင်လိုတဲ့ အစိုးရတိုင်းမှာ သူ့အပြစ်ကိုယ့်အပြစ် ရန်ဖြစ်နေဖို့ အချိန်ရှိမယ်မထင်ဘူး။
လက်တွဲညီတူကြရင် ဘယ်ရန်ကိုမဆို နိုင်မယ်
အလှူရှင်တွေကလည်း ရက်ရက်ရောရောလှူတယ်။ ဆရာတော်ကြီးတွေလည်း မနေသာ။ တပည့်သာဝကတွေ ဝန်းရံကာ နေရာထိုင်ခင်း၊ ပစ္စည်းကိရိယာ၊ မီးစက်ပါမကျန် ကြက်သီးမြမြထအောင်လှူကြ၊ ပံ့ပိုးပါဝင်ကြတယ်။ ပရဟိတသမားတွေကလည်း အဆင်သင့်ရှိနေတယ်။ အစိုးရနဲ့ ပြည်သူ လက်တွဲညီတူကြရင် ဘယ်ရန်ကိုမဆို နိုင်မယ်ဆိုတဲ့ စိတ်စွမ်းအားတွေက အားလုံးရဲ့ရင်မှာ ကိန်းအောင်းနေကြတယ်။
ရောဂါကိုရှေ့တန်းက ရင်ဆိုင်ခုခံတိုက်ခိုက်ပေးနေကြ တဲ့ ကျန်းမာရေးဝန်ထမ်းတွေဘက်ကတော့ ဘာမှပြောစရာ မလိုအောင် ‘ပါဖက်’ (Perfect) ပါပဲ။ ကိုယ့်အသက်ကို ရင်းပြီး လူနာရဲ့အသက်ကို ကယ်တင်တယ်၊ သေရမှာ မကြောက်၊ ဒူးမထောက် လက်မမြှောက်၊ ရဲဝံ့တဲ့ တိုက်စစ်မှူး တွေအဖြစ် ပြည်သူတွေက ချီးမွမ်းထောမနာပြုကြတယ်။ ဂုဏ်ပြုကြတယ်။ မှန်တာပေါ့။ သူတို့ရဲ့နှလုံးအိမ်က ရာထူး၊ အာဏာ၊ ငွေကြေးနဲ့ ထုဆစ်ထားတာ မဟုတ်ဘူး။ မေတ္တာ ရယ်၊ ကရုဏာရယ်၊ အကြင်နာရယ်၊ စေတနာရယ်၊ အနစ်နာ ရယ်၊ ဝါသနာရယ် (နာ) များစွာနဲ့ ထုဆစ်ထားတဲ့ နှလုံးသား ဟာ နုနယ်နူးညံ့လှသလို အပင်ပန်းလည်း ခံနိုင်ကြပါတယ်။ ဒီလူနာတွေကို ‘ငါတို့ကယ်မှရမယ်’ ဆိုတဲ့ တာဝန်ယူစိတ် တွေ၊ လူသားတွေ အသက်တွေရှင်သန်ဖို့ အခွင့်အရေးက ငါတို့လက်ထဲမှာရှိတယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ သူတို့ ရှင်သန်နေကြတယ်။
တကယ်တော့ ကျန်းမာရေးဝန်ထမ်းတွေအားလုံး ပင်ပန်းကြတယ်။ NHL က ဝန်ထမ်းတွေ အထူးပင်ပန်း လှတယ်။ ရှေ့တန်းတိုက်စစ်မှူးတွေဖြစ်တဲ့ အထွေထွေ အထူးကုသမားတော်ကြီးတွေ၊ ရောဂါဗေဒဆရာဝန်ကြီး တွေ၊ မေ့ဆေးဆရာဝန်ကြီးတွေ၊ ဓာတ်မှန်ဆရာဝန်ကြီးနဲ့ အရေးပေါ်ဆရာဝန်တွေ၊ သူနာပြုတွေ၊ သန့်ရှင်းရေး ဝန်ထမ်းတွေ အားလုံးပင်ပန်းနေကြပြီ။
စီမံနေကြ
ဖျားနာဆောင်က တာဝန်ခံဆရာဝန်၊ ဆရာမတွေ အင်အားနည်းလာပြီ။ ပိုးတွေ့လူနာ၊ သံသယလူနာ၊ ထိတွေ့လူနာတွေကို ကြည့်မိ၊ ကိုင်မိလို့ ကွာရန်တင်းလုပ် ခံရတဲ့ ဝန်ထမ်းတွေ၊ ဝေဘာဂီကိုအလှည့်ကျသွားပြီး ပြန်လာတော့ ကွာရန်တင်းပြန်လုပ်ရပြန်၊ ဒီတော့ အခြားဌာနတွေဖြစ်တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ ကလေး၊ အရိုး စတဲ့ နောက်တန်းခံတပ်တွေက ဆရာဝန်၊ ဆရာမ တွေကို အလှည့်ကျဆွဲယူ၊ တာဝန်ချ၊ အဲဒီလို လည်ပတ် နိုင်အောင် စီမံနေကြရတယ်။
ရောဂါဗေဒဌာနက ဝန်ထမ်းတွေမှာ သံသယ လူနာတွေကို လည်ချောင်းတို့ပတ် ယူရတယ်။ မင်္ဂလာဒုံ ဆေးရုံကိုလည်း သွားရတယ်။ လက်ရှိ ဂျူတီလှည့်နေတဲ့ သူတွေမှာ ‘ဒေါင်း’ နေပြီ၊ စိမ့်ရည်တို့ပတ် တစ်ခါယူပြီးတိုင်း ဂျူတီတစ်ချိန်ပြီးတိုင်း ခေါင်းလျှော်၊ ရေချိုးရပါများလို့ နှာစေး၊ အအေးပတ်၊ ခေါင်းကိုက်၊ အပူလျှပ် တဖြည်းဖြည်း ချည့်နဲ့လို့ လာပြီ။ ကလေးငယ်ရှိတဲ့သူတွေ၊ မိအိုဖအိုရှိတဲ့ သူတွေ၊ ဆီးချို၊ သွေးတိုးအခံရှိတဲ့ အိမ်သားတွေအတွက် သူတို့ရင်ထဲက ပူပန်သောကတွေ၊ တာဝန်ဆိုတာထက် ပိုတဲ့ ခံယူချက်တွေနဲ့ ကြိတ်မှိတ်အလုပ်လုပ်နေကြပါ တယ်။ ဆေးရုံဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အစဉ်အမြဲ လူနာတွေ၊ ရောဂါတွေနဲ့ ထိတွေ့ဆက်ဆံ နေရသူဖြစ်လို့ တော်ရုံအာဂန္တု ရောဂါတွေက ‘ပြီး’ နေတယ်လို့ ပြောရမှာပါ။ လက်ရှိမှာ ကိုယ်က ဘာမှမဖြစ် ပေမယ့် ရောဂါပိုးသယ်ဆောင်သူဖြစ်မနေဖို့အတွက် အစစသတိထားနေကြရပါတယ်။ တစ်ခါတစ်ရံ ဆရာဝန် စိတ် အပြည့်ရှိသူပေမယ့် ကိုယ့်ရဲ့မိသားစုကို ငဲ့ကြရပါ တယ်။ ကိုယ်ရှင်သန်ခွင့်ရမှ ကိုယ့်မိသားစု ရှင်သန်မှာပါ။
ပေါ့ဆလို့မရ
ဒါကြောင့် ကျွန်မတို့နိုင်ငံအနေနဲ့ နောက်နှစ်လမှာ ကူးစက်မှုအခြေအနေ ဘယ်လိုဖြစ်လာနိုင်မလဲဆိုတဲ့၊ ကြိုတင် မှန်းဆလို့မရနိုင်တဲ့ အနာဂတ်ကို မြော်တွေးဖို့ မလိုပါဘူး။ မကြာမီက စက်အသစ်တွေရောက်လာတယ်။ တစ်နေ့ကို လူ ၃၀၀ စစ်နိုင်တယ်။ နောက်ထပ်ရောက် လာတဲ့ စက်တွေက တစ်နေ့ကို ၁၄၀၀ စစ်နိုင်တယ်ဆို တော့ကာ သံသယလူနာတွေကို ပိုပြီးစစ်နိုင်လေ ပိုပြီး များများ တွေ့နိုင်ချင်တွေ့မယ်။ ဒါမှလည်း ပိုပြီး သတိ ထားနိုင်လေလေ ဖြစ်မယ်လို့ ကောင်းတဲ့ဘက်က တွေးပါ တယ်။ ဒါပေမယ့် ရောဂါပိုးရှိတဲ့လူတွေ လူထဲမှာအများကြီး ရှိနေနိုင်တယ်။ ရောဂါလက္ခဏာမပြတဲ့ ၈၀ ရာခိုင်နှုန်း ထဲမှာ ရှိနေနိုင်တယ်ဆိုတာတော့ ပေါ့ဆလို့မရတဲ့ အနေ အထားဖြစ်ပါတယ်။
ဆေးရုံတွေမှာရှိတဲ့ Fever Clinic (ဖျားနာကု ဆေးခန်း) နဲ့ ပြည်သူလူထုအခြေပြု ဖျားနာကုဆေးခန်း တွေ ဖွင့်ထားပြီး သံသယလူနာတွေကို စစ်ထုတ်နေကြ တယ်။ ပိုးရှိလူနာ လုံးဝမတွေ့တဲ့နေ့ရှိသလို ၁၁ ယောက် အထိရှိတဲ့နေ့လည်းရှိတယ်။ အသက်အငယ်ဆုံး တစ်နှစ် ခြောက်လကနေ ၈၅ နှစ်အထိလည်း တွေ့ရတယ်။
လက်ရှိအနေအထားမှာ နိုင်ငံတော်က စနစ်တကျ ကိုင်တွယ်နေတယ်။ ဆေးရုံအလိုက်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ရောဂါကုသမှုကော်မတီတွေနဲ့ အချိတ်အဆက်မိမိ ဆက်သွယ်ကြတယ်။ နေ့စဉ်နဲ့အမျှ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ နောက်ဆုံးရ ညွှန်ကြားချက်ဂိုက်လိုင်းတွေကို ချပေးတယ်။ သက်ဆိုင် ရာကော်မတီအဖွဲ့ဝင်တွေက ချက်ဘောက်စ်ကနေ အသိပေးကြတယ်။ ကျွန်မတို့ ဆေးရုံတွေမှာဆိုရင် လူနာတစ်ယောက် ရောက်လာပြီဆိုတာနဲ့ သတ်မှတ် ထားတဲ့ ဝင်ပေါက်ကနေဝင်မယ်။ လူနာကို အဖျားတိုင်း မယ်၊ ချောင်းဆိုသလား၊ အသက်ရှူကျပ် သလား၊ ပျို့အန်၊ ဝမ်းလျှော၊ ခေါင်းကိုက်ဝေဒနာတွေ ရှိသလားမေးမယ်၊ စစ်မယ်။ v စာမျက်နှာ ၁၆ မှ
အဲဒီ လက္ခဏာအားလုံးရှိရင် အနီရောင်သတ်မှတ်ထား တဲ့အခန်းကို ပို့တယ်။ ဖျားတယ်၊ အသက်ရှူစနစ် ပြဿနာ မရှိဘူး၊ မဖျားဘူး။ ဒါပေမယ့် အသက်ရှူကျပ်တယ်ဆိုရင် လိမ္မော်ရောင်အခန်းကို ပို့မယ်။ မဖျားဘူး၊ အသက်ရှူ မကျပ်ဘူး။ ဒါပေမယ့် ပျို့အန်၊ ဝမ်းပျက်၊ ခေါင်းကိုက်ဆိုရင် အစိမ်းရောင်အခန်း စသဖြင့် စနစ်တကျ ပို့ဆောင်ကုသ တယ်။ အဲဒီလိုပဲ ဆေးရုံရဲ့ဆရာဝန်၊ ဆရာမ၊ ကျန်းမာရေး ဝန်ထမ်းတွေကို အနီရောင်၊ လိမ္မော်ရောင်၊ အစိမ်းရောင် ‘အယ်လ်ဂရစ်သမ်’ အတိုင်း အကာအကွယ်ဝတ်စုံ သေချာ စွာဝတ်ဆင်ဖို့ ညွှန်ကြားတယ်။ ပစ္စည်းတွေ အပြည့်အစုံ ချပေးတယ်။
စည်းကမ်းညွှန်ကြားချက်တွေ လိုက်နာ
ဒါကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်ကြောင့်ကြ စရာမလိုဘူး။ အဓိကက လူတစ်ဦးချင်းစီ အသိရှိဖို့၊ သတ်မှတ်ချက်၊ စည်းကမ်းညွှန်ကြားချက်တွေ လိုက်နာ ကြဖို့၊ မိမိတစ်ဦးမှသည် မိမိရဲ့ မိသားစု၊ ရပ်ကွက်၊ တိုင်း/ နိုင်ငံတစ်ခွင် လူသားတို့ရဲ့အသက်တွေ ရှင်သန်ခွင့် ‘ရ’ ဖို့သာဖြစ်ပါတယ်။
ကျွန်မတို့အားလုံး စည်းလုံးကြရပါမယ်။ စိတ်ရှည် သည်းခံကြရပါမယ်။ ဒီကာလကို တောင့်ထားနိုင်ကြရ ပါမယ်။ နိုင်ငံတော်အစိုးရဆိုတဲ့ အုပ်ချုပ်သူ ပြည့်ရှင်၊ ပညာရှင်ဆိုတဲ့ ဆေးပညာရှင်၊ အသိပညာရှင်၊ အတတ် ပညာရှင်၊ အလှူရှင်ဆိုတဲ့ စေတနာရှင်၊ ပရဟိတ စွမ်းအား ရှင်တွေနဲ့ ဝေဒနာရှင်အပါအဝင် ပြည်သူတွေ စတဲ့
ရှင် ငါးရှင်ဟာ စည်းလုံးနေကြရပါမယ်။
အခုဆိုရင် ကျွန်မတို့နိုင်ငံမှာ ရပ်/ကျေး အုပ်ချုပ် ရေးမှူးတွေကစလို့ နေ့စဉ်နဲ့အမျှ ဆိုသလို အိမ်ထဲမှာနေဖို့ ဆော်ဩတယ်၊ ဆေးတွေလိုက်ဖျန်းတယ်။ အလှူ၊ မင်္ဂလာ ဆောင် ပွဲလမ်းသဘင်၊ တရားပွဲ၊ ဓမ္မသဘင်စတဲ့ လူစု လူဝေး အစီအစဉ်တွေကို မလုပ်ဖို့အသိတွေ လူတိုင်းမှာ ရှိနေကြတယ်။ အဓိကက အသက်ရှင်ကျန်ရစ်ခဲ့ကြဖို့ဆိုတဲ့ ဦးတည်ချက်တစ်ခုအတွက်သာ ဖြစ်တယ်။
ဒါပေမယ့် ရောဂါပိုးဟာ ကိုယ်ပျောက်အတတ်နဲ့ မမြင်နိုင်တာဖြစ်လို့ ပေါ့ဆလို့တော့ မရပါဘူး။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ကြေညာချက်ထုတ် ပါတယ်။ ရောဂါပိုးစွန့်ထုတ်ကာလက ရောဂါလက္ခဏာ မပြမီ နှစ်ရက်မှစပြီး လက္ခဏာပြပြီး ၂၈ ရက်အထိ အဲဒီကာလအတွင်းမှာ အခြားသောသူများကို ကူးစက် နိုင်ပါကြောင်း ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံရဲ့ သုတေသနစာတမ်းအရ ကွာရန်တင်း ၂၁ ရက်ထားရင် ရောဂါကူးစက်မှုနှုန်းကို ၉၈ ဒသမ ၇ ရာခိုင်နှုန်းအထိ ထိန်းချုပ်နိုင်တယ်လို့ ဆိုပါတယ်။
ကာကွယ်ဆေးတွေကို ရှာဖွေစမ်းသပ်
အခုဆိုရင် နိုင်ငံတကာမှာ ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးတွေကို အပြိုင်အဆိုင် ရှာဖွေစမ်းသပ်နေ ကြပါပြီ။ ဂျပန်နိုင်ငံ Fujifilm ‘တိုယားမား’ ဆေးကုမ္ပဏီက အေဗီဂန် (Avigan) ဆိုတဲ့ဆေး၊ အမေရိကန်နိုင်ငံ ဆေးကုမ္ပဏီရဲ့ အင်နိုဗီယို (INOVIO) ဆေး၊ ရန်မ်ဒီဆီဗာ ဆေး (Remidesivir) တရုတ်နိုင်ငံကလည်း ကာကွယ် ဆေးတွေကို စမ်းသပ်နေပါတယ်။ ထိုင်းနိုင်ငံကတော့ ခရမ်းလွန်ရောင်ခြည်ကိုသုံးပြီး ဗိုင်းရပ်စ်တွေသေစေနိုင်တဲ့ စက်ရုပ်ကို တီထွင်ခဲ့တယ်။ ခရမ်းလွန်ရောင်ခြည် မီးလုံးတွေပါတဲ့ စက်ရုပ်က နှစ်မီတာအတွင်းမှာရှိတဲ့ ဗိုင်းရပ်စ်တွေကို မိနစ် ၃၀ အတွင်းမှာ တိုက်ဖျက်ချေမှုန်း နိုင်တယ်လို့ဆိုပါတယ်။ ဩစတြေးလျကတော့ ဉာဏ်ရည် တု နည်းပညာသုံးဆေးရုံ၊ အီရန်မှာတော့ ဗိုင်းရပ်စ်ပိုးရှိ၊
မရှိ ထောက်လှမ်းနိုင်တဲ့ အဝေးထိန်းကိရိယာကို စမ်းသပ် ခဲ့ပါတယ်။ အောင်မြင်ခဲ့မယ်ဆိုရင် လူနာကို သွေးစစ်စရာ မလိုဘဲ သံလိုက်စက်ကွင်းကို ဖန်တီးပြီး မီတာ ၁၀၀ ပတ်လည်အတွင်းမှာရှိတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ
တိုင်းကို ငါးစက္ကန့်အတွင်းမှာ ရှာဖွေတွေ့ရှိနိုင်မယ်လို့ ဆိုပါ တယ်။
အရောင်လေးတွေနဲ့ အမှတ်အသားပြ
တရုတ်မှာလည်း သတင်းဆက်သွယ်ရေးခရီးစဉ် ဆော့ဖ်ဝဲကိုသုံးပြီး သံသယရှိသူတွေကို စောင့်ကြည့်ခြေရာ ခံပါတယ်။ သံသယရှိတဲ့နေရာဒေသကို သွား၊ မသွားဆိုတာ အရောင်လေးတွေနဲ့ အမှတ်အသားပြတာပါ။ အန္တရာယ် ဇုန်ကိုသွားခဲ့ရင် အနီရောင်၊ အခြား ရောဂါပြန့်ပွားနှုန်းများတဲ့ နေရာကိုသွားခဲ့ရင် အဝါရောင်၊ စောင့်ကြည့်ကာလမှာ ဘယ်ကိုမှ မသွားခဲ့ဘူးဆိုရင် အစိမ်းရောင် စသဖြင့် အမှတ် အသားပြစေပါတယ်။ ဆော့ဖ်ဝဲရဲ့ ဘားကုတ်ကိုဖတ်ပြီး ဖုန်းနံပါတ်ဖြည့်လိုက်တာနဲ့ ဖုန်းထဲကို “ ဗဲရီးဖီကေး ရှင်း”စစ်ဆေးပေးထားတဲ့ ကုတ်နံပါတ်တစ်ခု ဝင်လာမယ်။ အဲဒီကုတ်နံပါတ်ကို ဆော့ဖ်ဝဲမှာ ထည့်လိုက်တာနဲ့ ဖုန်းပိုင်ရှင်ဟာ သံသယရှိတဲ့နေရာ သွား၊ မသွား စစ်ဆေး ကြည့်နိုင်ပါတယ်။
ကျွန်မပြောချင်တာကတော့ တစ်ကမ္ဘာလုံးဟာ အပြိုင်အဆိုင် ရှာဖွေစမ်းသပ်နေကြတယ်။ နိုင်ငံတိုင်း၊ လူသားတိုင်း မိမိတို့ အသက်ရှင်သန်ဖို့အတွက် သူတို့နည်း သူတို့ဟန်နဲ့ ကြိုးစားနေကြတယ်။ ကပ်ရောဂါကြောင့် ရပ်တန့်သွားတဲ့ ကမ္ဘာကြီးကို ပြန်လည်လည်ပတ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေကြတယ်။ စက်ရုံ ၊ အလုပ်ရုံ၊ စာသင်ကျောင်းတွေ၊ ယန္တရားတွေ မူလအတိုင်း ပြန်လည် လည်ပတ်နိုင်ဖို့ ဒီအချိန်ကာလဟာ ဘယ်လောက်ကြာမလဲ ဘယ်သူမှမပြောနိုင်တာ အသေအချာပါပဲ။ ဒါပေမယ့် အဆိုးထဲက အမြတ်တွေကို စစ်ထုတ်ကြည့်မယ်ဆိုရင် သိခဲ့ရတာက ဘယ်အရာမှ အစိုးမရဘူးဆိုတဲ့ အနတ္တရဲ့ သဘောကို မြင်လိုက်ရတာပါ။ ကိုယ်ဖြစ်ချင်တာ မဖြစ်ရ၊ ကိုယ်စားချင်တာ မစားရ၊ ကိုယ်သွားချင်တာ မသွားရ၊ ကိုယ်လုပ်ချင်တာ မလုပ်ရ၊ ကိုယ့်ကိုယ်ကိုယ် မပိုင်ပါလား ဆိုတာ ဖြစ်လာတယ်။ သေနေ့စေ့ရင် သေမှာပဲဆိုပေမယ့် အသက်ကို ဉာဏ်စောင့်တာကိုလည်း နားလည်လာရ
တယ်။
ကျွန်မတို့ပိုင်ဆိုင်ထားတဲ့ ငွေကြေးဥစ္စာတွေနဲ့ ကျန်းမာခြင်းကို ဝယ်ယူလို့မရတာ သိသွားတယ်။
အမုန်းတရားတွေကို လွှတ်ချ
နေရသရွေ့ ကာလလေးမှာ တစ်ဦးနှင့် တစ်ဦး ချစ်ခင် ဖို့၊ မေတ္တာထားဖို့၊ အာဃာတတွေ၊ အမုန်းတရားတွေကို လွှတ်ချပစ်ဖို့၊ အရာရာကို ဒီကာလ၊ ဒီအခက်အခဲ၊ ဒီကပ်ဆိုး ကနေ သင်ယူနိုင်ခဲ့ကြရတယ်။
မိသားစုတွေပိုပြီး စည်းလုံးလာတယ်။ ထမင်း အတူစား၊ အတူချက်ပြုတ် ကြော်လှော်၊ သန့်ရှင်းရေးလုပ်၊ သတင်းတွေမျှဝေ၊ တီဗွီရှေ့မှာ အတူထိုင်၊ တရားနာ၊ တရားထိုင်၊ သည်းခံခြင်းတွေ၊ တင်းတိမ်ရောင့်ရဲခြင်းတွေ၊ စာရေး၊ စာဖတ်၊ အရင်က မလုပ်နိုင်ခဲ့တာတွေ လုပ်ခွင့် ရခဲ့တယ်။ လေ့ကျင့်ခန်းတွေလုပ်ဖြစ်တယ်။
အာဟာရရှိတဲ့ အစားတွေစားမယ်။ နေ့တိုင်း ကြက်ဥ ရယ်၊ ပဲရယ်၊ အာလူးရယ်၊ ငါးခြောက်ငါးခြမ်းလေးတွေနဲ့ စားနေရပေမယ့် လျှာအရသာထက် အသက်ရှင်သန်ဖို့
အတွက် အာဟာရဖြစ်ဖို့ဆိုတဲ့အသိနဲ့ စားသောက်ကြတယ်။
လူတိုင်းမှာ တူညီတဲ့ ရပိုင်ခွင့်တစ်ခုရှိတယ်။ အဲဒါ ကတော့ အသက်ရှင်သန်ခွင့်ပါပဲ။ ကျွန်မတို့အားလုံးဟာ အသက်ရှင်သန်ခွင့်အတွက် အစားအစာစားရတယ်။ ရာသီဥတုဒဏ်ကို ကာကွယ်ဖို့ အဝတ်ဝတ်ရတယ်။ နေဒဏ်၊ မိုးဒဏ်ခံနိုင်ဖို့ အမိုးအကာအောက်မှာ နေရ တယ်။ အစားစားဖို့ အလုပ်လုပ်ကြရတယ်။ တစ်ခါ အလုပ်လုပ်နိုင်ဖို့ အစားစားကြရပြန်တယ်။ မိသားစုနဲ့ အတူ နေထိုင်ရင်း မိမိတို့ ကိုးကွယ်ယုံကြည်ရာ ဘာသာ တရား ရဲ့ အဆုံးအမအောက်မှာ စိတ်တွေကိုငြိမ်းအေးစေဖို့ ကြိုးစားကြရတယ်။ အားလုံးဟာ အသက်ရှိတဲ့ လူသား တွေဖြစ်လို့ အသက်ရှင်လိုမှုဆိုတဲ့ ရည်ရွယ်ချက်က တူညီကြတယ်။ ဒီမြေမှာနေ၊ ဒီရေကိုသောက်ပြီး ဒီလေကို အတူတူ ရှူရှိုက်နေကြရတယ်။ ဘာသာလူမျိုး ဘယ်လိုပင် ကွဲပြားခြားနားပါစေ။ ဒီနိုင်ငံရဲ့ မြေ၊ ရေ၊ လေပေါ်မှာ အတူမွေးဖွားလာကြတာဖြစ်လို့ အသား အရောင်မှာ မတူပါ လည်း အားလုံးဟာ မြန်မာနိုင်ငံသား ချည်းပဲ ဖြစ်ပါတယ်။
မေတ္တာထား
အခုလို ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ရချိန်မှာ ရှေးစကား တွေဖြစ်တဲ့ “ကပ်ဆေး” တဲ့အထဲ ကိုယ်မပါဖို့၊ အသက်ရှင် ကျန်ရစ်ဖို့ ကျွန်မတို့ မေတ္တာထားကြရပါမယ်။
အိမ်ထဲမှာနေရင်းနဲ့ အသိတစ်ခုရခဲ့တယ်။ ဒီအချိန် မှာ မိမိပိုင်ဆိုင်ထားသမျှတွေထဲက တန်ဖိုးအရှိဆုံးအရာ ဟာ ဘာလဲ၊ ဘဝမှာ မရှိမဖြစ်အရာက ဘာလဲဆိုတာပါ။
ပိုင်ဆိုင်မှု၊ ကျော်ကြားမှုနဲ့ စည်းစိမ်ချမ်းသာတွေ...
စိန်ရွှေကျောက်သံပတ္တမြားတွေ၊ နိုင်ငံခြား
ငွေတွေ …
ဘဏ်စာအုပ်တွေနဲ့ ဘွဲ့လက်မှတ်တွေ …
ရွှေနဲ့မံ၊ စိန်နဲ့ရံ၊ ကျောက်စိမ်းပုလဲ စီခြယ်ထားတဲ့ နန်းတော်တမျှ ခမ်းနားလှတဲ့ တိုက်တာအိမ်ခြေတွေ …
နောက်ဆုံးပေါ် အဝတ်အထည်တွေ၊ ဖိနပ်တွေ၊ အမျိုးအစားမြင့် လက်ကိုင်အိတ်တွေ၊ အလှအပ ပစ္စည်း အသုံးအဆောင်တွေအားလုံးက အရေးမပါနိုင်တော့ပါ။
ကျွန်မတို့အားလုံးအတွက် တန်ဖိုးအရှိဆုံး၊ အလို အပ်ဆုံး မျှော်လင့်ချက်ကဖြင့် ရှင်သန်ခွင့်သာလျှင် ဖြစ်ပါတော့တယ်။ ။

ဒေါက်တာနီလာသိန်း (လင်းရောင်သစ်)

ကြေးမုံ