ရှင်သန်ခြင်းနှင့် ဥပဒေ    

၆ စက်တင်ဘာ

 

လူ့ဘောင်လောက၊ လူ့ဘောင်အဖွဲ့အစည်းတစ်ခု ရှင်သန်ဖွံ့ဖြိုးတိုးတက်နေစေဖို့ဆိုလျှင် ထိုလူ့ဘောင်အဖွဲ့အစည်းတစ်ခုလုံးတွင် တရားဥပဒေစိုးမိုးရေး ဖြစ်ထွန်းနေဖို့သည်   အဓိကလိုအပ်ချက်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေး ဖြစ်ထွန်းနေဖို့ဆိုလျှင်လည်း ဥပဒေသည်   ရှင်သန်နေဖို့အရေးကြီးသည်။ ဤသို့ဆိုလျှင် ဥပဒေရှင်သန်ဖို့ ဘာတွေလိုအပ်ပါမည်နည်း။ အနှစ်ချုပ်မျှဝေပါရစေ။

 

ရှင်သန်ခြင်းသဘော


လူတို့အသက်ရှင်သန်နေထိုင်နိုင်ဖို့ဆိုလျှင် ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသော အကြောင်းတရားလေးပါးအပေါ် အမှီသဟဲပြုနေသည်။  အကြောင်းတရားအားလုံး ညီညွတ်နေမှသာလျှင် ကောင်းစွာ အသက်ရှင်သန်နေထိုင်နိုင်ကြမည်ဟု ဆိုကြသည်။

 

တိရစ္ဆာန်များ အသက်ရှင်သန်နေထိုင်ဖို့ဆိုလျှင် နေရာဒေသ၊ ဥတု၊ အာဟာရ၊ နေထိုင်သွားလာတတ်မှု စသောအချက်များသည် အရေးပါလိမ့်မည်ဟုဆိုနိုင်သည်။ ဒိုင်နိုဆောသတ္တဝါကြီးများ ကွယ်ပျောက်ခဲ့ရသည့် အကြောင်းအချက်များထဲတွင် ပြောင်းလဲလာသော ပတ်ဝန်းကျင်အခြေအနေနှင့် သဟဇာတဖြစ်အောင် နေထိုင်သွားလာတတ်မှုမရှိခြင်းလည်း ပါဝင်သည်ဟူ၍  အခမ်းအနားတစ်ခုတွင် ပုဂ္ဂိုလ်ကြီးတစ်ဦးက မိန့်ကြားခဲ့ဖူးသည်ကို မှတ်သားရမိသည်။

 

နွယ်၊ မြက်၊ သစ်ပင်၊ ပန်းမန်များ ရှင်သန်နိုင်ဖို့ဆိုလျှင် အကြောင်းအချက်များစွာ  ရှိပါလိမ့်မည်။ မြေဩဇာကောင်းရပါမည်။   ရေရရှိရမည်။   လေရရှိရမည်။ နေရောင်ခြည်လည်း လိုပါမည်၊။ အမျိုးအစားအလိုက် နေရာဒေသကလည်း အရေးကြီးသည်။    အမျိုးအစားအလိုက် အမှီအခို အတွယ်အတာလည်းရှိရပါမည်။ ဤသည်တို့မှာ အဓိကလိုအပ်ချက်များဖြစ်ပါလိမ့်မည်။

 

ရှင်သန်သောဥပဒေဖြစ်ဖို့ဆိုလျှင်


ဥပဒေတစ်ခု ရှင်သန်နေဖို့ဆိုလျှင် တိုးတက်ပြောင်းလဲလာသော ဖြစ်စဉ်၊ ခေတ်စနစ်၊ ခေတ်အခြေအနေနှင့်အညီ လိုက်လျောညီထွေဖြစ်နေရမည်။ ပြောင်းလဲလာသော ခေတ်စနစ်၊ ခေတ်အခြေအနေနှင့်အညီ ပြောင်းလဲပြင်ဆင်နိုင်သော ဥပဒေမျိုးလည်း ဖြစ်ရန်လိုအပ်သည်။ သမိုင်းကြောင်း   တိုးတက်ပြောင်းလဲဖြစ်ပေါ်မှုဖြစ်စဉ်နှင့်အညီ ဥပဒေကလိုက်ပါ ပြောင်းလဲပြင်ဆင်နိုင်မှုမရှိခဲ့လျှင် ရှင်သန်သောဥပဒေ ဖြစ်မလာနိုင်။

 

အမှန်စင်စစ် ရှင်သန်သောဥပဒေများဖြစ်ဖို့၏ အဓိကသော့ချက်သည် ဥပဒေပြုရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍ၊ ပြည်သူများကဏ္ဍဟူ၍ ကဏ္ဍကြီးလေးရပ်အပေါ် အမှီသဟဲ   ပြုနေသည်ကိုတွေ့မြင်နိုင်သည်။

 

ဥပဒေပြုရေးကဏ္ဍ


ဥပဒေပြုရေးကဏ္ဍ ဆောင်ရွက်နေသော ဥပဒေပြုအဖွဲ့အစည်းများသည် အစဉ်သဖြင့် ဥပဒေများရှင်သန်နေစေရန်၊ သစ်လွင်နေစေရန်၊ ခေတ်နှင့်လိုက်လျောညီထွေဖြစ်သော ဥပဒေများဖြစ်နေစေရန် ဆန်းစစ်နေရမည်။ တိုးတက်ပြောင်းလဲလာသော ခေတ်စနစ်နှင့်လိုက်လျောညီထွေမရှိသော ဥပဒေများကို ပြင်ရမည်။ ရုပ်သိမ်းသင့်က   ရုပ်သိမ်းရမည်။    ခေတ်စနစ်နှင့်လိုက်လျောညီထွေဖြစ်သော ဥပဒေများကို ပြဋ္ဌာန်းပေးရမည်။ မည်သည့်အခါမျှ ပြည်သူများကို ဖိနှိပ်သော၊ ထိန်းချုပ်သော၊ ပြည်သူတွေပြင်ဆင်လိုက ပြင်ဆင်၍မရအောင် တင်းကျပ်သောဥပဒေမျိုးကို ပြဋ္ဌာန်းရန်မသင့်ပါ။ ပြည်သူတွေယုံကြည်သော၊ ပြည်သူတွေလက်ခံနိုင်သော၊ ပြည်သူတွေလိုက်နာနိုင်သော၊ ပြည်သူကိုရှေးရှုသော၊  ပြည်သူကိုဗဟိုပြုသော  ဥပဒေများကိုသာ ပြဋ္ဌာန်းပေးရပါမည်။ ဤသည်မှာ ဥပဒေတစ်ခုရှင်သန်နိုင်ခြင်း၏ အခြေခံအချက်ဖြစ်သည်။

 

အုပ်ချုပ်ရေးကဏ္ဍ


ဥပဒေပြုအဖွဲ့က ဥပဒေတစ်ခုပြဋ္ဌာန်းပြီးလျှင်သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက ယင်းဥပဒေကိုအကောင်အထည်ဖော်  ဆောင်ရွက်ကြရသည်။ ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရသည်။ သို့မှသာ ဥပဒေ၏ရှင်သန်မှုကို     ပြုစုပျိုးထောင်ပေးရာရောက်သည်။ ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရသည့်    တာဝန်ရှိသူများကိုယ်တိုင်က ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိလျှင်  ဥပဒေ၏ရှင်သန်မှု၊  ဥပဒေ၏ အညွန့်အဖူးကို ချိုးနှိမ်ရာရောက်တတ်သည်ကို သတိမူသင့်ကြသည်။

 

တရားစီရင်ရေးကဏ္ဍ


ဥပဒေပြုအဖွဲ့က ပြဋ္ဌာန်းပေးလိုက်သော ဥပဒေပါတားမြစ်ချက်များကို ဖောက်ဖျက်၍ ပြစ်မှုကျူးလွန်သူများကို တရားရုံးများက စစ်ဆေးအရေးယူ ပြစ်ဒဏ်စီရင်ကြရသည်။ တရားရုံးများက တရားစီရင်ရာတွင် လိုက်နာရမည့်အခြေခံမူများ ပြဋ္ဌာန်းထားသည်။ ဥပဒေနှင့်အညီလွတ်လပ်စွာ တရားစီရင်ရမည်။  ပြည်သူရှေ့မှောက်တွင်တရားစီရင်ခြင်း ဖြစ်ရမည်။ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့် ရရှိစေရမည်။ ပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမည်။ တရားဥပဒေစိုးမိုးရေး အထောက်အကူ ဖြစ်စေရမည်။ ပြည်သူများကို ဥပဒေပညာပေးရမည်။ ပြည်သူအချင်းချင်းနှင့်ပတ်သက်သော အမှုကိစ္စများကို ဥပဒေဘောင်အတွင်း၌ ကျေအေးပြီးပြတ်စေရေး ဆောင်ရွက်ရမည်။ အရေးယူအပြစ်ပေးရာတွင် အကျင့်စာရိတ္တပြုပြင်ရေးတို့ကို ဦးတည်ရမည်။

 

တရားရုံးများသည် ဤတရားစီရင်ရေးဆိုင်ရာ မူများနှင့်အညီ တရားစစ်ဆေး၍ ပြစ်ဒဏ်စီရင်ကြမည်ဆိုလျှင်ဥပဒေများ   အမြဲရှင်သန်နေမည်။   ဤသို့မဟုတ်ဘဲဥပဒေကို အလွဲသုံးကာ ဘက်လိုက်ခြင်းဖြင့်  မမှန်မကန်၊ မမျှမတ စစ်ဆေးစီရင်ဆုံးဖြတ်ကြမည်ဆိုလျှင် ဥပဒေ၏ရှင်သန်မှု အကိုင်းအခက်များကို    ချိုးနှိမ်ဖျက်ဆီးရာရောက်တတ်သည်ကို သတိမူသင့်ကြသည်။

 

ဤနေရာတွင် တရားစီရင်ရေးကဏ္ဍနှင့် စပ်ဆက်နေသော တရားစွဲအဖွဲ့အစည်းများ၏ ကဏ္ဍကလည်း အရေးကြီးသည်။ တရားစွဲအဖွဲ့အစည်းများသည် ပြစ်မှုကျူးလွန် သူတိုင်းကို မှန်မှန်ကန်ကန် တရားစွဲဆိုတင်ပို့နိုင်ရေး လူသက်သေ၊ ပစ္စည်းသက်သေစသည့် သက်သေခံချက်များ    ပြည့်ပြည့်စုံစုံ   ဖော်ထုတ်တင်ပြနိုင်ရေးတို့ကို ဆောင်ရွက်ခြင်းဖြင့် ဥပဒေရှင်သန်မှုကို ပြုစုပျိုးထောင်ပေးနေကြရမည်။

 

ပြည်သူများ၏ကဏ္ဍ


ပြည်သူတွေအတွက်  ပြဋ္ဌာန်းထားသောဥပဒေကို ပြည်သူတွေသိရှိအောင်  ဆောင်ရွက်ပေးကြရမည်။ ပြည်သူတွေလိုက်နာနိုင်အောင် အသိပညာပေးရမည်။ ပြည်သူနှင့်ဥပဒေ အလှမ်းဝေးကွာမဖြစ်ရပါ။  ပြည်သူတွေသည်  ဥပဒေဘောင်အတွင်းမှာ  ဥပဒေနှင့်အညီနေထိုင်သွားလာ   ပြုမူဆောင်ရွက်   အသက်မွေးဝမ်းကျောင်းပြုကြခြင်းဖြင့် ငြိမ်းချမ်းသာယာသော လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ကို ပြည်သူတွေအားလုံး နှလုံးသွင်းခံယူထားကြရမည်။ ပြည်သူတွေ ဥပဒေဘောင်အတွင်း နေထိုင်ခြင်းဖြင့်လည်း   ဥပဒေ၏ရှင်သန်မှုကို   ပြုစုပျိုးထောင်ပေးရာရောက်သည်ဟု ဆိုနိုင်သည်။

 

ဥပဒေ၏ ရေသောက်မြစ်သည် စည်းကမ်း


လုပ်ရမည်နှင့် မလုပ်ရမည် (Do and Don't)၏ သဘောကို ကောင်းစွာနားလည်ကြရပါမည်။ စည်းကမ်းဟူသည် လုပ်ရမည်နှင့် မလုပ်ရမည်တို့ကို ပိုင်းခြားသတ်မှတ်ထားသည်။ မလုပ်ပါနှင့်ဆိုသည်ကို လုပ်မှ စည်းကမ်းဖောက်ဖျက်သည်မဟုတ်။ လုပ်ပါဆိုသည်ကို  မလုပ်ခြင်းသည်လည်း စည်းကမ်းကို မလိုက်နာ ဖောက်ဖျက်ရာရောက်သည်။ ဥပဒေတွင်လည်း လိုက်နာလုပ်ဆောင်ရမည့် အချက်များပါသည်။ မပြုလုပ်မကျူးလွန်ရန် တားမြစ်ထားချက်များပါသည်။ မပြုလုပ်ရန် တားမြစ်ထားချက်များကို  ပြုလုပ်က  ဥပဒေကိုဖောက်ဖျက်ကျူးလွန်ရာရောက်သည်။ ပြုလုပ်ရန်ပြဋ္ဌာန်းချက်များကို မပြုလုပ်ပါကလည်း ဥပဒေကိုမလိုက်နာ ချိုးဖောက်ရာရောက်သည်။

 

ဥပဒေသည်     စည်းကမ်းမှဆင်းသက်လာသည်။ စည်းကမ်းမှ    ဥပဒေဖြစ်လာသည်ဟု    ဆိုကြသည်။ စည်းကမ်းကိုလိုက်နာတတ်လျှင်   ဥပဒေကို   လိုက်နာတတ်မည်။    စည်းကမ်းကိုမလိုက်နာတတ်က  ဥပဒေ ကိုလည်း   လိုက်နာတတ်မည်မဟုတ်။     ထို့ကြောင့်စည်းကမ်းသည် ဥပဒေ၏ရေသောက်မြစ်ဖြစ်သည်။

 

ပြည်သူအားလုံး စည်းကမ်းကို လိုက်နာကြရန်လို


ဥပဒေများရှင်သန်နိုင်ဖို့ ပြည်သူအားလုံး စည်းကမ်းကို လေးစားလိုက်နာကြရန်   လိုအပ်သည်။    ပြည်သူအားလုံးဆိုသည်မှာ ဥပဒေပြုရေးကဏ္ဍ၊  အုပ်ချုပ်ရေးကဏ္ဍ၊  တရားစီရင်ရေးကဏ္ဍနှင့်  ပြည်သူ့ကဏ္ဍတွင်ပါဝင်သူအားလုံးသည်   ပြည်သူတွေပင်ဖြစ်ကြသည်။ ကဏ္ဍလေးခုစလုံးတွင်ပါဝင်သော ပြည်သူများအားလုံးသည် ဥပဒေ၏ ရေသောက်မြစ်ဖြစ်သော စည်းကမ်းကို လေးစားလိုက်နာတတ်ကြခြင်းဖြင့် ဥပဒေ၏ရှင်သန်မှုအစဉ်ထာဝရ အားကောင်းနေမည်။

 

ဥပဒေ၏ရှင်သန်မှုသည် လူ့ဘောင်အဖွဲ့အစည်း၏ ရှင်သန်မှုဖြစ်သည်ဥပဒေ၏ရှင်သန်မှု အားကောင်းနေလျှင် လူ့ဘောင်အဖွဲ့အစည်း၏ ရှင်သန်ဖွံ့ဖြိုးတိုးတက်မှု အားကောင်းစေမည်။ လူ့ဘောင်အဖွဲ့အစည်းတစ်ခုသည် တည်ငြိမ်မှု၊ အေးချမ်းသာယာမှုမရှိ၊ ငြိမ်းချမ်းရေးပျက်ယွင်း၊ ဥပဒေဖောက်ဖျက်ကျူးလွန်သူများအား  ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိ၊ တရားရုံးများအပေါ် အယုံအကြည်ကင်းမဲ့၊ လုံခြုံစိတ်ချစွာ  နေထိုင်သွားလာနိုင်ခြင်းမရှိ  စသည်စသည်တို့ ဖြစ်ပေါ်နေလျှင် တရားဥပဒေစိုးမိုးမှု ပျက်ပြားနေ၍ဖြစ်သည်။ တစ်နည်းအားဖြင့် ဥပဒေ၏ရှင်သန်မှုကို ရိုက်ချိုးခံရ၍ဖြစ်သည်ဟု ဆိုနိုင်သည်။

 

ဤသို့ဖြင့် လူ့ဘောင်အဖွဲ့အစည်းတစ်ခု ရှင်သန်ဖွံ့ဖြိုးတိုးတက်စေဖို့ဆိုလျှင် ဥပဒေ၏ ရှင်သန်နေမှုသည် အဓိကကျောရိုးမဏ္ဍိုင်ဖြစ်သည်။  ဥပဒေ၏ရှင်သန်မှုအားကောင်းနေဖို့ဆိုသည်မှာလည်း ဥပဒေပြုရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍနှင့် ပြည်သူ့ကဏ္ဍဆိုသည့် ကဏ္ဍကြီးလေးခုအပေါ် အမှီသဟဲပြုနေသည်။ ကဏ္ဍလေးခု ထပ်တူညီလျှင် အကောင်းဆုံးဖြစ်သည်။ ထပ်နိုင်သလောက်ထပ်လျှင် ဖြစ်နိုင်သလောက်အကျိုးရှိမည်။    ထပ်နိုင်သမျှထပ်သရွေ့  ဥပဒေတွေရှင်သန်နေမည်ဖြစ်ကြောင်းပါဗျာ။


- ဥပဒေများ ထာဝစဉ်ရှင်သန်ဖြစ်ထွန်းနေပါစေ၊
-ပြည်သူဗဟိုပြု၍တာဝန်ရှိသူအားလုံးကဥပဒေကို လေးစားလိုက်နာဆောင်ရွက်နိုင်ကြပါစေ၊
-ရှင်သန်သောဥပဒေများ ဖြင့်ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်ကြပါစေ။ 


မောင်စာဂ