ဖေဖော်ဝါရီ ၁၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သော ဒူဘိုင်းတင်းနစ်ချန်ပီယံရှစ် အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲ ၃၂ ဦးအဆင့်တွင် အမေရိကန်တင်းနစ်မယ် အီဗာဂျိုဗစ်က ရုရှားတင်းနစ်မယ် ဒိုင်ယာနာ ရှနိုက်ဒါကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ၆-၄၊ ၁-၆၊ ၆-၀ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ၁၆ ဦးအဆင့်သို့ ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့သည်။
အသက် ၁၈ နှစ်အရွယ် ဂျိုဗစ်သည် ၆၄ ဦး အဆင့်တွင်လည်း ဥဇဘက်ကစ္စတန်တင်းနစ်မယ် ကာမီလ်လာ ရာကီမိုဗာကို အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး ၆-၁၊ ၁-၆၊ ၆-၁ ရလဒ်ဖြင့် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ဒူဘိုင်းတင်းနစ်ချန်ပီယံရှစ် ၁၆ ဦးအဆင့်တွင် တစ်နိုင်ငံတည်းသူ နာမည်ကြီး ဂျက်ဆီကာ ပဲဂူလာနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဂျိုဗစ်သည် ယခုပြိုင်ပွဲမတိုင်မီ ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်းပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်။
ဂျိုဗစ်နှင့်အတူ ဒူဘိုင်းတင်းနစ်ချန်ပီယံရှစ် ၁၆ ဦးအဆင့်သို့ အခြားနာမည်ကြီး တင်းနစ်မယ်များဖြစ်သည့် အနီဆီမိုဗာ၊ အန်ဒရေဗာ၊ ဘင်းဆစ်၊ တော်ဆန်၊ ရူဇစ်တို့ တက်လှမ်းနိုင်ခဲ့သည်။
မိုးဇက်


