ရန်ကင်း၊ မြောက်ဥက္ကလာပ၊ ရွှေပြည်သာနှင့်တာချီလိတ်  မြို့နယ်တို့တွင်  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၂၀ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၉ ရက် နံနက် ၁၁ နာရီတွင် ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဆရာစံလမ်း၊ ရန်ကင်းစင် တာရှေ့ ကားပါကင်တွင် အောင်နိုင်သူ ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၀,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ မွန်းလွဲ ၂ နာရီခွဲတွင် ၎င်းနေထိုင်သည့် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ အမှတ်(၁၄)ရပ်ကွက်ခွဲ၊ တကောင်း(၁)လမ်း၊ အမှတ် (၈၀၁)ရှိ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၂၀၀ ၊ အိုက်စ် သုည ဒသမ ၀၃၅ ကီလို ကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၁ နာရီခွဲတွင်  ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်၊ ပေါ်တော်မူလမ်း၊ အမှတ် (၅၆၀-A)ရှိ တင်ကိုကျော် ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မဝေဝေထွန်း ကို တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေး ၁၀,၇၇၀ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၃နာရီတွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် ကျော်မြင့် ကို TOYOTA BELTA အမျိုးအစားမော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

မတ် ၁၉ ရက် ညနေ ၆နာရီတွင် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန် ကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် စိုင်းဆိုက်(ခ)အိုက်ဆမ် မောင်းနှင်လာသည့် Revo အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ငွေကျပ်သိန်း ၂,၀၄၀ တန်ဖိုးရှိ ကက်တမင်း ၂၄ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

(ရဲပြန်ကြား)