ရန်ကင်းမြို့နယ် မီးသတ်ဦးစီးဌာနတွင် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ရန်ကင်း မေ ၉

 

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် မီးသတ်ဦးစီးဌာနတွင် မုန်တိုင်းအန္တရာယ် ကျရောက်လာပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသင့်ပြင်ဆင်ဆောင်ရွက်ထားရှိိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မုန်တိုင်းအန္တရာယ်ကျရောက်ပါက ပြိုကျအဆောက်အအုံများ၊ အဆိုပါ အဆောက်အအုံအတွင်း ပိတ်မိလူနာများကို ကယ်ဆယ်ရွှေ့ထုတ်ရန်အတွက် လိုအပ်သောပစ္စည်းများ၊ ပိတ်မိလူနာများ ဝင်ရောက်ကယ်ဆယ်ရာတွင် အသုံးပြုသည့် အသက်ရှူကိရိယာများ၊ အရေးပေါ် မီးအသုံးပြုရန်အတွက် Area Lighting နှင့် မီးစက်များ၊ အရေးပေါ်ကယ်ဆယ်ရေးကြိုးများ၊ သစ်ပင်များပြိုလဲသည့်အခါ သစ်ပင်များကို ဖြတ်တောက်ရှင်းလင်းရာတွင် အသုံးပြုသည့် Chain Saw များ၊ အရေးပေါ်သုံးပစ္စည်းများအား မီးသတ်ဦးစီးဌာနမှ စနစ်တကျ ပြင်ဆင်ထားရှိသည်။

 

ထို့ပြင် ရန်ကင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးလောင်မှုအပြင် သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ၊ ရေဘေး၊ လေဘေး၊ ယာဉ်မတော်တဆထိခိုက်မှုများ ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကယ်ဆယ်ရေး ပစ္စည်းများ အသင့်ပြင်ဆင်ဆောင်ရွက်ထားရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်  မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းအရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ ပရဟိတအဖွဲ့များဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အိရွှေစင်(ပြန်/ဆက်)