ရန်ကုန်၊ အမ်းနှင့် မင်းပြားမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်းကျော် ဖမ်းဆီးရမိ

နေပြည်တော် ၂၈ သြဂုတ် 


ရန်ကုန်၊ အမ်းနှင့် မင်းပြားမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ 


ဖြစ်စဉ်မှာ သြဂုတ် ၂၅ ရက်တွင်  မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များသည် ရန်ကုန်မြို့ မြန်မာပလာဇာရှေ့တွင် ထွဋ်အောင်လွင်နှင့် ကြည်ခိုင်ဆိုသူ နှစ်ဦးအား သတင်းအရရှာဖွေစစ်ဆေးရာ စိတ်ကြွရူးသွပ် ဆေးပြား ၄၀ဝ ဖမ်းဆီးရမိပြီး ထွက်ဆိုချက်များအရ ၎င်းတို့မူးယစ်ဆေးဝါးဝယ်ယူခဲ့သည့် စမ်းချောင်းမြို့နယ် ဇလွန်လမ်းနေ မအေးအေးဝင်း(ခ)စုလှိုင်၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၈၈၀ဝ ထပ်မံသိမ်းဆည်းရမိခဲ့သည်။


ထို့နောက် မအေးအေးဝင်း(ခ)စုလှိုင်၏ ထွက်ဆိုချက်အရ ၎င်းမူးယစ်ဆေးဝါး ဝယ်ယူခဲ့သော ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာအိမ်ရာ(၁)ရှိ မခိုင်ခိုင်နှင့် နိုင်နိုင်ထွန်း မောင်နှမနှစ်ဦး ငှားရမ်းနေထိုင်သောနေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၆၇၈၀ ကို လည်းကောင်း၊ ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ သြဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် အောင်မင်္ဂလာအဝေးပြေးဝင်းရှိ ရန်ကုန်-စစ်တွေ ခရီးသည်တင် မင်းထက်သာယာဉ်လိုင်း ယာဉ်အမှတ် 6C / …. ၏ ယာဉ်ပစ္စည်းတင် အကန့်အတွင်းမှ စစ်တွေသို့ပို့ဆောင်ရန် အပ်နှံထားသော အဝတ်အထည်များနှင့် ရောနှောထားသည့် ဆာလာအိတ် ၇ အိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကိုလည်းကောင်း၊ သြဂုတ် ၂၇ ရက် နံနက်ပိုင်းတွင် အမ်းမြို့ပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်တွေသို့ ထွက်ခွာလာသည့် မင်းထက်သာယာဉ် အမှတ် 6C/ …. ယာဉ်ပေါ်မှ ဆာလာအိတ် ၅ အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒဿမ ၅ သိန်းနှင့် မင်းပြားမြို့ ရာမောင်တံတားကူးနေရာ၌ လေးဝတီယာဉ် 5Q /…. ပေါ်တွင် ဆာလာအိတ် ၅ အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၇၄၉၉၇၅ ပြားကိုလည်းကောင်း ရှာဖွေတွေ့ရှိခဲ့ရာ စုစုပေါင်းတန်ဖိုးငွေကျပ် ၈၀၂၇၈ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၂၆ သိန်းကျော် သိမ်းဆည်းရမိခဲ့သည်။ 


မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ မခိုင်ခိုင်၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ၂၀၁၅ ခုနှစ် ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်စဉ် AA အဖွဲ့၏ စည်းရုံးမှုကြောင့် အဖွဲ့ဝင်ဖြစ်ခဲ့ပြီး စည်းရုံးလူသစ်စုဆောင်းခြင်း၊ ရန်ပုံငွေရရှိရေးအတွက် မူးယစ်ဆေးဝါးတရားမဝင် သယ်ဆောင်ရောင်းဝယ်ဖြန့်ဖြူးခြင်းများကို လုပ်ကိုင်လျက်ရှိကြောင်း၊ ရန်ကုန်-စစ်တွေ ခရီးသည်တင်ယာဉ်များကို အသုံးပြု၍ ယခင်ကလည်း မူးယစ်ဆေးဝါး ၅ ကြိမ်ခန့် သယ်ယူပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ဖော်ထုတ်သိရှိရပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး၊ တရားဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 


သတင်းစဉ်