ရန်ကုန် - ဒလ အိပ်မက်တံတားကြီး တည်ဆောက်မှုစပြီ

တင်ဝင်းလေး(ကြည့်မြင်တိုင်)၊ နိုင်လင်းကျော်(ဒလ)
ဓာတ်ပုံ-ကိုကြီးတင်


လွန်ခဲ့သော နှစ်များစွာကတည်းက မျှော်လင့်ခဲ့ရသော ရန်ကုန် - ဒလ မြစ်ကူး တံတားကြီး....။


ဒလမြို့နယ်သူ မြို့နယ်သားတို့အနေဖြင့် အိပ်မက်အခါခါ မက်ခဲ့ရဖူးသော မြစ်ကူး တံတားကြီး...။


အသံတွေ ကျယ်လာလိုက်၊ တဖြည်းဖြည်းတိုးသွားလိုက်၊ နောက်... ပျောက်သွား လိုက်ဖြင့် အကြိမ်ကြိမ်အခါခါ အိပ်မက်မှ နိုးထခဲ့ရဖူးပေါင်းလည်း များခဲ့ပြီ။


ဟော- အခုတော့ဖြင့် မက်ခဲ့ရသော အိပ်မက်တို့က အပြင်တွင် ထင်ထင်ရှားရှား မြင်တွေ့လာရပြီဖြစ်သည်။ ဒလဘက်အခြမ်းတွင် စီမံကိန်းလုပ်ငန်းများ စတင်နေပြီဖြစ်သည်။


ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်သူ ဒေါ်ကြီးတင့်က ''သူတို့အင်္ဂလိပ်လိုပြောတဲ့ ဘိုးပိုင်ဆိုလား ချတဲ့နေ့က အဲဒီနေရာကို မရောက်ရောက်အောင် သွားကြည့်တယ်။ မှတ်မှတ်ရရ ဇွန် ၂၈ ရက်ကလေ'' ဟု ပြန်ပြောပြခဲ့သည်။


တည်ဆောက်သူတို့က မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလတံတား)ဟု အမည် ပေးထားကြသည်။ ဒလမြို့နယ်သူ မြို့နယ်သားတို့ကတော့ ''အိပ်မက်တံတားကြီး''ဟု အမွှမ်းတင်ဆိုကြသည်။


တံတားကြီးကို ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီးမှသည် ရန်ကုန်မြစ်ကို ဖြတ်ကျော်၍ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းတစ်လျှောက် တည်ဆောက်သွားမည် ဖြစ်သည်။


ဒလဘက်ခြမ်းတွင် မြတ်နိုးသူကုမ္ပဏီက တာဝန်ယူတည်ဆောက်မည်ဖြစ်ပြီး လမ်းမတော်ဘက်အခြမ်းတွင် ရွှေတောင်ကုမ္ပဏီက တာဝန်ယူတည်ဆောက်ကြမည် ဖြစ်သည်။


မစခင်ကသာ ဟိုဘက်နည်းနည်းတိုးပါဦး၊ ဒီဘက်နည်းနည်းချဲ့ပါဦးဟု အတင်း အလျှော့များဖြင့် အချိန်တွေကြာခဲ့ရပြီး လုပ်ငန်းစတင်တော့လည်း အင်တိုက်အားတိုက် ဖြင့် အကောင်အထည်ဖော်နေမှုကို မြင်တွေ့လာရသည်။


ယခုအခါ ဒလဘက်အခြမ်း တံတားအခြေ အဆင်းပိုင်း၌ Abutment Bored Pile A1- ဘိုးပိုင် P-1 နှင့် P-2 ပိုင်တိုင်များ ဆောင်ရွက်ပြီး နေပြီဟု သိရသည်။ 

ဆက်လက်၍ P-3 ကို တူးဖော် နေပြီဖြစ်ပြီး အောက်တိုဘာလကုန်ပိုင်းတွင် စီမံ ကိန်းခြံစည်းရိုး ကာရံထားသည့် P-5 ဘိုးပိုင်အထိ ပြီးစီးနိုင်ရန် ခန့်မှန်းထားသည်ဟု တည်ဆောက်ရေး မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြမှုအရ သိရသည်။


တံတားအခြေအဆင်း ချဉ်းကပ်ခုံ ဘိုးပိုင် A1 အပါအဝင် ပိုင်တိုင် ၁၅ တိုင်အထိ တည်ဆောက် သွားရမည်ဟု သိရသည်။


မေတ္တာရပ်ခံထား


ဒလတံတား စီမံကိန်းနယ်မြေအတွင်း စက်ယန္တရားကြီးများဖြင့် နေ့စဉ်အသုံးပြုဆောင်ရွက်နေကြသည့်အတွက် အနီးပတ်ဝန်းကျင်၌ ဆူညံသံ များရှိပါက သည်းခံပေးကြပါရန်နှင့် သွားလာမှု အခက်အခဲများရှိပါကလည်း ခွင့်လွှတ်နားလည် ပေးကြပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။


ထို့အပြင် တည်ဆောက်ရေးပစ္စည်းများ သယ်ယူရခြင်းကြောင့် မိုးရာသီ၌ လမ်းများပျက်စီး မှုရှိသည့်အတွက် ဒေသခံရဟန်းရှင်လူ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ သွားလာမှု အခက်အခဲ မရှိစေရန် ဗိုလ်မင်းရောင်လမ်းမကြီး ဝဲယာတစ်လျှောက် ၁၂ ပေအကျယ် လူသွားရန် ကွန်ကရစ်လမ်းများ ခင်းထားပေးသည်ကို တွေ့ရသည်။


လမ်းမတော်ဘက်


လမ်းမတော်ဘက်အခြမ်းတွင် ကမ်းနားလမ်း နှင့် မဟာဗန္ဓုလလမ်းအပိုင်း၊ မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းအပိုင်း၊ အနော်ရထာလမ်းအပိုင်း နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းအပိုင်းဟူ၍ ဘုန်းကြီးလမ်းတစ်လျှောက် အပိုင်းသုံးပိုင်းဖြင့် တည်ဆောက်သွားမည်ဟု သိရသည်။


ယခုအခါ မဟာဗန္ဓုလလမ်းနှင့် အနော်ရထာ လမ်းအကြား ဘုန်းကြီးလမ်း (အလယ်ဘလောက်) တွင် စက်ယန္တရားကြီးများဖြင့် စီမံကိန်းစတင်နေပြီ ဖြစ်သည်။ မော်တော်ယာဉ်များ သွားလာနိုင်ရန် အတွက် လမ်းတစ်ဖက်တစ်ချက်စီတွင် ယာဉ်သွား လမ်း ချန်ထားပြီး အလယ်ကြော၌ စီမံကိန်းဧရိယာ အဖြစ် ကာရံထားပြီးဖြစ်သည်ကို တွေ့လာရသည်။ လုပ်ငန်းခွင်မှ လုပ်သားကြီးတစ်ဦးက ''လုပ်ငန်း တွေ စတင်နေပါပြီ။ ရှေ့ နိုဝင်ဘာလလောက် ဆိုရင်တော့ ဘိုးတိုင်စိုက်တဲ့ လုပ်ငန်းတွေ စတင် နိုင်တော့မှာပါ''ဟု မေးမြန်းမှုကို ပြန်လည်ဖြေကြား ပေးခဲ့သည်။


အရာရှိ အင်ဂျင်နီယာတစ်ဦးက ''ကမ်းနား မှာတော့ တူးနေပါပြီ။ တံတားဆင်ခြေလျှောပေါ့''ဟု ဆိုခဲ့သည်။


သံချောင်းတန်ချိန် ၁၅၀ဝ


တံတားတည်ဆောက်ရာတွင် အရည်အသွေး ပြည့်မီစေရေးအတွက် အသုံးပြုမည့် သံချောင်း သံထည်များကိုပင် ကိုရီးယားနိုင်ငံမှ တိုက်ရိုက် ဝယ်ယူတင်သွင်းသည်ဟု သိရသည်။ ပထမအသုတ် အဖြစ် သံချောင်းတန်ချိန် ၁၅၀ဝ မှာ ဇွန်လအတွင်း က ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။


မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလတံတား) ကြီးကို ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာအစိုးရမှ ထည့်ဝင်ငွေအမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းတို့ဖြင့် အကောင် အထည်ဖော် တည်ဆောက်နေခြင်း ဖြစ်သည်။


သင်္ဘောကြီးများ ဖြတ်သန်းသွားနိုင်မည်


ပင်မတံတားအရှည်မှာ ၆၉၀ မီတာဖြစ်ပြီး ဒလဘက်ချဉ်းကပ်တံတားအရှည်မှာ ၆၀၁ မီတာနှင့် ရန်ကုန်ဘက်ကမ်း ချဉ်းကပ်တံတားအရှည်မှာ ၆၃၀ မီတာ၊ ရေလမ်းကင်းလွတ်အမြင့်မှာ ၄၉ မီတာ၊ ရေလမ်းကင်းလွတ်အကျယ်မှာ ၃၇၀ မီတာ ရှိမည်ဖြစ်ပြီး တန်ချိန် ၁၅၀ဝ၀ ရှိ သင်္ဘောကြီးများ ဖြတ်သန်းသွားနိုင်မည်ဖြစ်ပြီး တည်ဆောက်ရေး ကာလမှာ သုံးနှစ်ခွဲခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလတံတား)ကြီး တည်ဆောက်ပြီးသွားပါက ရန်ကုန် တိုင်းဒေသကြီး အနောက်ဘက်ခြမ်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားမှအစ ကျန်းမာရေး စသော အရာခပ်သိမ်း ပိုမိုတိုးတက်လာနိုင် တော့မည်မှာ မုချပင်ဖြစ်ပါသည်။


ထို့အပြင် ရန်ကုန် အရှေ့ဘက်ခြမ်းမှ ကုန်စည်များ၊ ရန်ကုန် အနောက်ဘက်ခြမ်းမှ ကုန်စည်များ သယ်ယူပို့ဆောင်မှုမှာ အချိန်တိုအတွင်း ရောက်ရှိ နိုင်မည်ဖြစ်သည်။


ဒလမြို့သစ်စီမံကိန်းအတွက် ရှေ့ပြေးလမ်း


ထို့ကြောင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလတံတား) ပေါ်ထွန်းလာခြင်းသည် ဒလမြို့သစ် စီမံကိန်းအတွက် ရှေ့ပြေးလမ်းတစ်ခုဟု ဆိုရမည်သာ ဖြစ်ပေသည်။ ။