ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်ရာမှ အမျိုးသားတစ်ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိ

ပေါင် ၁၆ ဧပြီ

 


သထုံခရိုင် ပေါင်မြို့နယ် ကျခတ်ငူကျေးရွာအုပ်စု ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် ဧပြီ ၁၅ ရက် မွန်းလွဲပိုင်းက မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားရာမှ အသက် ၂၀ အရွယ်တစ်ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

 


ဖြစ်စဉ်မှာ ယာဉ်တိုက်မှုသတင်းအရ မုတ္တမနယ်မြေစခန်းမှ ဒုရဲအုပ် လေးမင်းထိုက်နှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ ကျခတ်ငူကျေးရွာအုပ်စု ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီး မိုင်တိုင်အမှတ် ၁၈၁/၄ နှင့် ၁၈၁/၅ ကြားအရောက် လမ်းအကွေ့တွင် ယာဉ်မောင်း မိုးမင်း (၂၇)နှစ် သထုံမြို့နေသူ မောင်းနှင်သည့် MDY 4L ---- MAZDA BONGO  မော်တော်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်သွားခဲ့ရာမှ ယာဉ်ပေါ်လိုက်ပါစီးနင်းသူများဖြစ်သော ကျော်ဝဏ္ဍ (၂၀)နှစ် (ဘ)ဦးပတားကေ လည်ပင်းပြတ်ရှဒဏ်ရာ (သေဆုံး)၊ အောင်မိုးထက် (၂၀)နှစ် (ဘ)ဦးဂျိုကာ၊ သူရိန်စိုး (၂၀)နှစ် (ဘ) ဦးတင်စိုး၊ ဇင်မင်းပိုင် (၂၆)နှစ် (ဘ)ဦးဇင်ပို၊ မစုနှင်းစုလှိုင် (၂၂)နှစ် (ဘ)ဦးသိန်းနိုင်၊ မင်းခန့်ညားအောင် (၁၉)နှစ် (ဘ)ဦးအောင်နိုင်စိုး၊ အောင်ပြည်ဝင်း (၁၈)နှစ် (ဘ)ဦးဝင်းနိုင်စိုး သထုံမြို့(လိပ်စာတူ)နေသူတို့မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ တင်ပို့ထားပြီး ယာဉ်မောင်း မိုးမင်းမှာ ထွက်ပြေးတိမ်းရှောင်းလျက်ရှိကြောင်း ရဲမှတ်တမ်းများမှ သိရသည်။

 


ဖြစ်စဉ်နှင့်ပတ်သက်၍ လူသေဆုံး/ဒဏ်ရာရရှိအောင် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းမိုးမင်းအား မုတ္တမနယ်မြေစခန်းမှ အမှုဖွင့်ထားပြီး ယာဉ်မောင်းအား စုံစမ်းရှာဖွေလျက်ရှိကြောင်း ပေါင်မြို့မရဲစခန်းမှ သိရသည်။

 


ကိုဟိန်း(ပေါင်)