ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးမှ  မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  တည်ထားပူဇော်သည့် ဗုဒ္ဓဥယျာဉ်သို့ တိုက်ရိုက်ဝင်၊ ထွက်နိုင်သည့်လမ်းပိုင်းကို (၄) လမ်းသွား ကတ္တရာကွန်ကရစ် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု  ပြည်ထောင်စုဝန်ကြီး  ကြည့်ရှုစစ်ဆေး

 

နေပြည်တော် နိုဝင်ဘာ ၂၉

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဒုတိယဝန်ကြီး ဦးဝင်းဖေ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်၂၀၄ မိုင် ၁ ဖာလုံမှ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၌ ကမ္ဘာ့အကြီးဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်သည့် ဗုဒ္ဓဥယျာဉ်သို့ တိုက်ရိုက် အဝင်၊ အထွက် ပြုလုပ်နိုင်သည့် လမ်းပိုင်း (၃၀၈၄) ပေကို (၄) လမ်းသွား ကတ္တရာ ကွန်ကရစ်ခင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် နေပြည်တော် ဒက္ခိဏခရိုင် လမ်းဦးစီးဌာနမှ ဆောင်ရွက်နေသော ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးမှ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မုခ်ဦးအဝင်နှင့်ဆက်စပ်မည့် လမ်းအပိုင်းအား ကတ္တရာ ကွန်ကရစ်ခင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စံချိန်စံညွှန်း ပြည့်မီရေးနှင့် သတ်မှတ်ချိန်အတွင်း ပြီးစီးရေး အလေးထားဆောင်ရွက်ရန်၊ ကတ္တရာကွန်ကရစ် ခင်းပြီးပါက ထိန်းသိမ်းရေးအပိုင်းကိုလည်း ထည့်သွင်း စဉ်းစားဆောင်ရွက်ရန်နှင့် လမ်းလယ်ကျွန်း၊ ရေမြောင်းများ စနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး  မိုင်တိုင်အမှတ် ၂၀၄ မိုင် ၁ ဖာလုံမှ ယခုဖောက်လုပ်ထားသည့် လမ်းပိုင်းနှင့် ဆက်စပ်ရန်အတွက် အမြန်လမ်းအား (၂) လမ်းသွား မှ (၄) လမ်းသွားသို့ တိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်များကို မြေပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အမြန်လမ်းမကြီးနှင့် ချိတ်ဆက်မည့် အဝင်၊ အထွက် လမ်းအပိုင်းတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လမ်းညွှန်အမှတ်အသားများ၊ အသိပေးဆိုင်းဘုတ်များ ဆောင်ရွက်ထားရန်၊ လုပ်ငန်းဆောင်ရွက်နေစဉ် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းရေး အထူးဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။

 

သတင်းစဉ်