နေပြည်တော် နိုဝင်ဘာ ၁၃
တိုင်ဖွန်းမုန်တိုင်း“ရာဂီ”၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ စမုံနှင့် သပြေတောင်းကြား အဆန်ရထားလမ်း တံတားအမှတ်(၆၉၁)၏ ကမ်းကပ်ခုံရေတိုက်စားခံရမှုအပေါ် ပေ ၆၀ ဘေလီသံဘောင်ဖြင့် ယာယီအစားထိုးဆောင်ရွက်ခဲ့ပြီး ယခုအခါ အသေးစိတ်ပြင်ဆင်မွမ်းမံမှု များ ပြုလုပ်ရန် လိုအပ်သဖြင့် နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်များတွင် မန္တလေး-သာစည် ရထားလမ်းပိုင်းကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နေ့ရက်များတွင် သာစည်-မန္တလေး ပြေးဆွဲပေးလျက်ရှိသည့် အမှတ် သ-၃၀၁ အဆန်၊ သ-၃၀၂ အစုန် RBE လူစီးရထားနှင့် ရန်ကုန်-မန္တလေး-ရန်ကုန် ပြေးဆွဲလျက်ရှိသည့် အမှတ်(၁)အဆန်၊ အမှတ်(၂)အစုန် စာပို့ရထားများကိုယာယီရပ်နားထားမည်ဖြစ်ပြီး ရန်ကုန်-မန္တလေး-ရန်ကုန် ပြေးဆွဲလျက်ရှိသည့် အမှတ်(၁၁)အဆန်၊ အမှတ်(၁၂)အစုန် လူစီးအမြန်ရထား များကို ရန်ကုန်-သာစည်-ရန်ကုန် ခရီးစဉ်အဖြစ် ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်သည်။
မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားနှင့် ကုန်ရ ထားများ ပြေးဆွဲပေးခြင်းဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ရေကြီးရေလျှံမှုဖြစ်ပွား၍ ရထားလမ်းနှင့် တံတားများထိခိုက်ပျက်စီးမှုများကို အချိန်နှင့်တပြေး ညီ ပြုပြင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ စမုံနှင့်သပြေတောင်းကြား အဆန်လမ်းတံတား အမှတ် (၆၉၁) (စမုံတံတား) ကိုအသေးစိတ်ပြုပြင်မှုများပြုလုပ်ပြီး နိုဝင်ဘာ ၂၀ ရက်မှစ၍ ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသော ရထားများကို မူလပြေးဆွဲချိန်များအတိုင်း ရန်ကုန်နှင့် မန္တလေး ခရီးဆုံး ဘူတာများအထိ ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်