ရန်ကုန်-မန္တလေးခရီးကို ရထားဖြင့် အချိန်တိုအတွင်းသွားနိုင်ရန် လမ်းပိုင်းအဆင့်မြှင့်တင်မှု စတင်မည်

သတင်းဆောင်းပါး - သန်းထိုက်

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မှမန္တလေးမြို့သို့ အမြန်ရထား ခရီးစဉ်ကို အချိန် ၁၄ နာရီကြာ ခုတ်မောင်းရရာမှ ဖွံ့ဖြိုးတိုးတက်လာသည့် ခေတ်နှင့်အညီ မြန်ဆန်ချောမွေ့စေရန်အတွက် အချိန်ရှစ်နာရီဖြင့် ရောက်ရှိနိုင်မည့် ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုကို မြန်မာ့မီးရထားက အောက်တိုဘာ ၁ ရက်တွင် စတင်အကောင် အထည်ဖော်မည်ဖြစ်သည်။

သံလမ်းများ ရန်ကုန်ဆိပ်ကမ်းသို့ဝင်ရောက်

မီးရထားလမ်း အဆင့်မြှင့်တင်ရန် သံလမ်းများကို ဂျပန်နိုင်ငံမှ ရန်ကုန်ဆိပ်ကမ်းသို့ ပို့ဆောင် ပေးလျက်ရှိရာ သင်္ဘောလေးခေါက် ဝင်ရောက်ထားပြီး နောက်ဆုံးအခေါက်သည် သြဂုတ် ၁၃ ရက်က ရောက်ရှိခဲ့သည်။ သင်္ဘောလေးခေါက်အနက် သုံးခေါက်တွင် တစ်ခေါက်လျှင် သံလမ်း အချောင်းရေ ၁၂၆၀ (တန်ချိန် ၃၀ဝဝ ခန့်) နှင့် တတိယအခေါက်တွင် သံလမ်းအချောင်းရေ ၁၃၈၅ ချောင်းတို့ ပါဝင်ခဲ့ကာ အဆိုပါ သံလမ်းများကို သတ်မှတ်နေရာများသို့ ရထားများဖြင့် သယ်ဆောင်ထားပြီးဖြစ်သည်။ ဂျပန်နိုင်ငံမှ သံလမ်းများကို တင်လာသော သင်္ဘောများမှာ ရန်ကုန်ဆိပ်ကမ်းသို့ မေလမှစ၍ ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ လမ်းအဆင့်မြှင့်တင်မှုတစ်ခုလုံးအတွက် သင်္ဘော ၂၁ စီး ဝင်ရောက်မည် ဖြစ်ကြောင်း သိရသည်။

 

mdn

 

ကြိုတင်ပြင်ဆင် စုဆောင်းထားရှိ

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကြီးတစ်ခုလုံး အဆင့်မြှင့်တင်ပြီးစီးပါက ပြည်သူများအနေဖြင့် အချိန်တိုအတွင်း မီးရထားဖြင့် ခရီးသွားလာနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် လမ်းပိုင်းအဆင့်မြှင့်တင်ရန် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိရာ သံလမ်းများတင်သွင်းခြင်း၊ ကုန်ကြမ်းပစ္စည်း တင်သွင်းခြင်း၊ လုပ်ငန်းအခြေစိုက်ရုံးများ တည်ဆောက်ခြင်းတို့ကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။ ဇလီဖားတုံး၊ ကွန်ကရစ်ဇလီဖားတုံးနှင့် လမ်းခင်းကျောက်များကို ပျဉ်ပုံကြီး၊ ဘုရားကြီး၊ ထုံးကြီးနှင့် ကတုတ် ဘူတာတို့၌ ကြိုတင်ပြင်ဆင် စုဆောင်းထားရှိကြောင်း သိရသည်။

အခြေစိုက်ရုံးများ တည်ဆောက်ပြီးဖြစ်

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုတွင် ရန်ကုန်-တောင်ငူ လမ်းပိုင်းနှင့် မန္တလေး-တောင်ငူ လမ်းပိုင်းဟူ၍ အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်-တောင်ငူအပိုင်းတွင် ကန်ထရိုက်တာသုံးဦးက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန် ပုဇွန်တောင်မှ ပဲခူးအထိ တစ်ဦး၊ ပဲခူးမှ ညောင် လေးပင်အထိ တစ်ဦးနှင့် ညောင်လေးပင်မှ တောင်ငူအထိ တစ်ဦးဖြစ်ကြောင်း၊ အဆိုပါ အပိုင်းသုံးပိုင်းအတွက် သက်ဆိုင်ရာ ကန်ထရိုက်တာများက အခြေစိုက်ရုံးများတွင် ကုန်ကြမ်းပစ္စည်းများကို သိုလှောင်လျက်ရှိကြောင်း၊ အခြေစိုက်ရုံး CP-101 ကို ရွာသာကြီး၊ ထုံးကြီး နှင့် ကျောက်တန်းကြား၊ CP-102 ကို ြွပန်တန်ဆာနှင့် CP-103 ကို အုတ်တွင်း၌ တည်ဆောက်ထားပြီးဖြစ်သည်။

လုပ်ငန်းကာလတွင် ပြေးဆွဲနှုန်းလျှော့ချမည်

လက်ရှိအချိန်တွင် ရန်ကုန်-မန္တလေး ရထားလမ်းပေါ်၌ နေ့စဉ်ခရီးစဉ်များအဖြစ် ရန်ကုန်-မန္တလေး အစုန်-အဆန် အမြန်ရထား ခြောက်စီး၊ စာပို့ရထား နှစ်စီး၊ ရန်ကုန်-နေပြည်တော် အစုန်-အဆန် ရထားလေးစီး၊ ရန်ကုန်-ပဲခူး လော်ကယ် ရထား၊ သင်္ဃန်းကျွန်း-တောင်ငူ လော်ကယ်ရထား၊ တောင်ငူ-သာစည်-မြို့ဟောင်း လော်ကယ်ရထား၊ ရန်ကုန်-မော်လမြိုင် အစုန်-အဆန် အမြန်ရထား လေးစင်း၊ ရန်ကုန်-ထားဝယ် အစုန်-အဆန်ရထား နှစ်စင်းတို့ကို နေ့စဉ် ပြေးဆွဲပေးလျက်ရှိသည်။

ယခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ ရန်ကုန်-မန္တလေးလမ်းပိုင်း စတင်အဆင့်မြှင့်တင်ချိန်တွင် တစ်လမ်းသွားစနစ်ကိုသာ အသုံးပြုမည်ဖြစ်၍ လက်ရှိပြေးဆွဲနေသော အထက်ပါ ရထားများထဲမှ အချို့ကို လျှော့ချသွားမည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းဆောင်ရွက်

ရန်ကုန်-တောင်ငူ လမ်းပိုင်းအဆင့်မြှင့်တင်မှုကို အပိုင်း-၁ အဖြစ် အောက်တိုဘာ ၁ ရက်တွင် စတင်ဆောင်ရွက်တော့မည်ဖြစ်သော်လည်း မန္တလေး- တောင်ငူ အပိုင်း-၂ အပိုင်းကို ၂၀၂၁ ခုနှစ်တွင်မှ အဆင့်မြှင့်တင်မှု စတင်ဆောင်ရွက် သွားမည်ဖြစ်ကာ ယခုအခါ မြေပြင်ဆာဗေး တိုင်းတာခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း၊ အပိုင်း-၁ တွင် ရထားလမ်းမိုင် ၁၆၆ မိုင်ရှိပြီး အပိုင်း-၂ တွင် ရထားလမ်းမိုင်မှာ ၂၁၉ ဒသမ ၅ မိုင်ရှိကြောင်း၊ အပိုင်း-၂ အဆင့် မြှင့်တင်ရာတွင်လည်း လုပ်ငန်းလျာထားချက်အတိုင်း မြန်မာ့မီးရထားနှင့် ကန်ထရိုက်တာများ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

အချိန်တိုအတွင်း သွားလာနိုင်မည်

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုကို ဂျပန်နိုင်ငံမှချေးငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကာ ရထားတွဲဆိုင်းများ ဝယ်ယူမှုသည်လည်း ချေးငွေ၏တစ်ဝက်ခန့် ရှိသောကြောင့် လမ်းပိုင်းကောင်းမွန်လာမှုနှင့်အတူ အဆင့်မြင့် ရထားတွဲဆိုင်းများဖြင့် မြန်မာ့ရထား၏ ခရီးသွားလုပ်ငန်း ပြောင်းလဲတိုးတက်မှုကို နှစ်အနည်းငယ်အတွင်း တွေ့မြင်ရမည်ဖြစ်သည်။

ဂျပန်နိုင်ငံမှဝယ်ယူမည့် DEMU  တွဲဆိုင်း များသည် ဒီဇယ်၊ လျှပ်စစ် စွမ်းအင်နှစ်မျိုးဖြင့် ပြေးဆွဲနိုင်ပြီး ဦးစွာဒီဇယ်ဖြင့် ပြေးဆွဲမည်ဖြစ် ကြောင်း၊ DEMU  တွဲဆိုင်းများအနေဖြင့် တွဲဆိုင်းတစ်ဆိုင်းလျှင် ခြောက်တွဲဖြင့် ပြေးဆွဲပါက တစ်တွဲစီတိုင်းတွင် စက်ခေါင်းအင်ဂျင်များ ပါရှိသဖြင့် ဆွဲအားပိုမိုကောင်းမွန်ကာ ယခင် ၁၄ နာရီကြာ ပြေးဆွဲရသည့် ခရီးစဉ်ကို ရှစ်နာရီဖြင့် သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခုန်ခြင်း၊ ခါယမ်းခြင်း မရှိသောစနစ်

ရန်ကုန်-မန္တလေးလမ်းတွင် လက်ရှိ အသုံးပြုနေသော သံလမ်းမှာ ၃၉ ပေအရှည် သံလမ်းများဖြစ်ကာ ယခု အဆင့်မြှင့်တင်ရန် ဂျပန်နိုင်ငံမှ မှာယူနေသော သံလမ်းများမှာ ၈၂ ပေ ရှည်သည့် သံလမ်းများဖြစ်သည်။ ဘူတာနှစ်ခုကြား၌ သံလမ်းဆက်ပြား သုံးစွဲခြင်းမပြုဘဲ သံလမ်းများကို ဝရိန်တို့ကာ သံလမ်းအဆက်မရှိသောစနစ်ကို အသုံးပြုသွားမည်ဖြစ်ပြီး ရထားစီးနင်းရာတွင် ခုန်ခြင်း၊ ခါယမ်းခြင်းများ မရှိဘဲ စီးနင်းနိုင်အောင် ဝန်ဆောင်မှုပေးသွားနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရထားလမ်း အဆင့်မြှင့်တင်ခြင်းအတွက် သံလမ်းအလေးချိန် တန် ၆၃၀ဝဝ ခန့် အသုံး ပြုရမည်ဖြစ်ပြီး တစ်လလျှင် အနည်းဆုံး သင်္ဘောတစ်ခေါက်နှုန်းဖြင့် ၂၁ ခေါက် ဝင်ရောက်ရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် သင်္ဘော လေးခေါက် ဝင်ရောက်ပြီးဖြစ်ကာ လုပ်ငန်းဆောင်ရွက်နေစဉ် သင်္ဘောများ ပုံမှန်ဝင်ရောက်ခြင်းဖြင့် လမ်းအဆင့်မြှင့်တင်မှုနှင့် သံလမ်းများဝင်ရောက်မှုကို ဟန်ချက်ညီအောင် ပြင်ဆင်ထားရှိကြောင်း သိရသည်။

ဝမ်းသာဂုဏ်ယူ

မြန်မာ့မီးရထား တိုင်း(၇)မှ လက်ထောက် မန်နေဂျာ ဦးကျော်မျိုးလွင်က “မီးရထားဝန်ထမ်း ဖြစ်သလို နိုင်ငံ့ဝန်ထမ်းလည်းဖြစ်တယ်ဆိုတော့ ပြည်သူကို ဝန်ဆောင်မှုပေးရတာပေါ့။ ပြည်သူ့ဝန်ထမ်းဆိုတော့ ပြည်သူတွေကို အကောင်းဆုံး ခရီးသွားဝန်ဆောင်မှု ပေးလိုပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းတွေကြောင့် မီးရထားခရီးသွားလုပ်ငန်း မှေးမှိန်လာချိန်မှာ ဂျပန်နိုင်ငံချေးငွေနဲ့ မီးရထားကဏ္ဍ အဆင့်မြှင့်တင်မှုကို လုပ်ဆောင်နိုင်တာဟာ မြန်မာ့မီးရထား အနာဂတ်အတွက် ကောင်းမွန်လာသလို ခရီးသွားပြည်သူတွေရဲ့ အနာဂတ်အတွက်လည်း ဝန်ဆောင်မှုကောင်း ရရှိဖို့ လင်းရောင်ခြည်တစ်ခုပါပဲ။ ဒါကြောင့် ဝန်ဆောင်မှုကောင်းတွေ ပေးနိုင်အောင် လုပ်ဆောင်နေတဲ့ကာလအတွင်းမှာ အခက်အခဲအချို့ ရှိနိုင်တာကို သည်းခံနားလည်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ အခုလို လုပ်ဆောင်နိုင်မှုအပေါ်မှာလည်း ဝမ်းသာဂုဏ်ယူပါတယ်ဟု ပြောကြားသည်။

မကြာမီ အောက်တိုဘာ ၁ ရက်မှစ၍ ရန်ကုန်-မန္တလေး ရထားလမ်း၏ ရန်ကုန်-တောင်ငူလမ်းပိုင်း အဆင့်မြှင့်တင်မှုကို စတင်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ပြီးစီးရန် လျာထားကြောင်း၊ လုပ်ငန်းပြီးစီးသွားပါက ဂျပန်နိုင်ငံမှ DEMU  တွဲဆိုင်းများဖြင့် ရထားစီး ခရီးသွားပြည်သူများအား ရန်ကုန် မှ မန္တလေးသို့ အချိန်တိုအတွင်း သွားလာနိုင်ရန် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ။

မြန်မာ့အလင်း