ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း အောက်တိုဘာလ ၁ ရက်နေ့စတင်မည်

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက် တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့ မီးရထား၏ ထုတ်ပြန်ချက်အရ သိရသည်။


စီမံကိန်းကာလ သုံးနှစ်ကြာမည်


ထိုသို့ ရထားလမ်းပိုင်းအဆင့်မြှင့်တင်ရန်အတွက် အကြိုပြင်ဆင်ခြင်းလုပ်ငန်းများကို တစ်နှစ်ကြာ ဆောင်ရွက်ခဲ့ပြီး စီမံကိန်းကာလမှာ သုံးနှစ်ကြာမြင့်မည်ဖြစ်သည်။ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် ဂျပန်နိုင်ငံ JICA ၏ ODA ချေးငွေဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ပြီး စီမံကိန်းတစ်ခုလုံးအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။


ရန်ကုန် မန္တလေး လမ်းပိုင်းသည် လက်ရှိတွင် ပြေးဆွဲချိန် ၁၄ နာရီ ကြာမြင့်ကာ အချို့ရထားများ သည် ၁၇ နာရီ မှ ၁၈ နာရီအထိ ကြာမြင့်သော်လည်း အဆင့်မြှင့်တင်ပြီးနောက်ပိုင်းတွင် ရန်ကုန်ဘူတာကြီးမှ မန္တလေးဘူတာကြီးအထိ ရှစ်နာရီဖြင့် သွားလာနိုင်မည်ဖြစ်သည်။ အဆင့်မြှင့်တင်ပြီး ရထားလမ်းပိုင်းတွင် ရထားများကို ကီလိုမီတာ ၁၀ဝ နှုန်းဖြင့် ပြေးဆွဲနိုင်မည်ဖြစ်သည်။


ကွန်ပျူတာဖြင့်ထိန်းသိမ်းသည့်စနစ်


ရန်ကုန်-မန္တလေးရထားလမ်းပိုင်းမှာ ခရီးရှည် ၃၈၅ မိုင်ရှိရာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရထားလမ်း တာပေါင်နှင့် ရထားလမ်း အဆင့်မြှင်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရထားလမ်းတံတားများ၂၃၉ စင်း ပြုပြင်တည်ဆောက်ခြင်း (ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် တံတားစုစုပေါင်း ၈၀ဝ ကျော်ရှိပြီး ရန်ကုန်-တောင်ငူ လမ်းပိုင်းတွင် ၂၃၉ စင်းရှိသည်) လုပ်ငန်း၊ ရထားလမ်းဘူတာများ ပြုပြင်ခြင်း လုပ်ငန်းတွင် လမ်းတစ်လျှောက် ဘူတာပေါင်း ၉၆ ဘူတာရှိသည့်အနက် ပထမအဆင့်အနေဖြင့် အမြန်ရထားပြေးဆွဲသည့်အခါ ရပ်တန့်မည့်ဘူတာ အကြီး ၁၀ ဘူတာကို ပြုပြင်သည့်လုပ်ငန်း၊ ရထားလမ်းပလက်ဖောင်းနှင့် အချက်ပြများ ပြုပြင်ခြင်း၊ ကားလမ်းကူး Level crossing များ ပြုပြင်ခြင်းလုပ်ငန်း၊ ရထားလမ်းပိုင်းတွင် ပြေးဆွဲရန်အတွက် DEMU (Diesel Electric Multiple Unit) ရထားတွဲဆိုင်း ၂၂၀ ကို ဝယ်ယူ ခြင်း၊ ရထားတွဲများ ပြုပြင်ထိန်းသိမ်းရန်အတွက် အလုပ်ရုံကြီးတစ်ရုံကို ရွာသာကြီးဘက်တွင် တည်ဆောက်ခြင်းလုပ်ငန်း၊ ရထားသွားလာမှုအား ကွန်ပျူတာဖြင့် ထိန်းသိမ်းသည့်စနစ်နှင့် ဘူတာ များ၌ လျှပ်စစ်မီးရရှိရေး အတွက်ကိုလည်း ဘူတာ ပေါင်း ၉၆ ဘူတာတို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ကန်ထရိုက်တာသုံးဖွဲ့နဲ့ ဆောင်ရွက်


''ကျွန်တော်တို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ ပထမပိုင်းအနေနဲ့ ရန်ကုန်ဘူတာကြီးအထွက် ပုဇွန်တောင်ကနေ တောင်ငူအထိ ပထမအပိုင်းအနေနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ၁၆၆ မိုင်ရှိပါ တယ်။ အဲဒီမှာမှ အပိုင်းသုံးပိုင်း ထပ်ခွဲပြီးတော့ ဂျပန် ကန်ထရိုက်တာ သုံးဖွဲ့နဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ပထမပိုင်းကတော့ ပုဇွန်တောင်ကနေ ပဲခူးကြားကို ဂျပန်ကန်ထရိုက်တာတစ်ဖွဲ့နဲ့ ဆောင်ရွက်မှာဖြစ်ပြီး ပဲခူးနဲ့ ညောင်လေးပင်အကြားကို အလယ်ပိုင်းအနေနဲ့ နောက်ထပ်တစ်ဖွဲ့နဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ညောင်လေးပင်နဲ့ တောင်ငူအပိုင်းကို နောက်ထပ်တစ်ဖွဲ့ပေါ့။ စုစုပေါင်း ဂျပန် ကန်ထရိုက်တာ သုံးဖွဲ့နဲ့ တစ်ပြိုင်နက်တည်း ဆောင်ရွက်မှာဖြစ်ပါတယ်''ဟု မြန်မာ့မီးရထား အထွေထွေမန်နေဂျာ (မြို့ပြအင်ဂျင်နီယာဌာန) ဦးမောင်မောင်သွင်က ပြောကြားသည်။


ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့် မြှင့်တင်ရာတွင် အဆင့် နှစ်ဆင့်ဖြင့် လုပ်ငန်းဆောင် ရွက်မည်ဖြစ်ပြီး အဆင့်(၁) ရန်ကုန်-တောင်ငူ လမ်းပိုင်းသည် ၁၆၆ မိုင်ရှည်လျားကာ အဆင့် (၂)ဖြစ်သည့် တောင်ငူ-မန္တလေး လမ်းပိုင်းသည် ၂၁၉ ဒသမ ၅ မိုင် အရှည်ရှိကြောင်း သိရသည်။


အဆင့်(၁)ဖြစ်သည့် ရန်ကုန်-တောင်ငူ အဆင့်မြှင့်လမ်းပိုင်းတွင် မူလနှစ်လမ်းသွားစနစ်မှ တစ်လမ်းသွားစနစ်သို့ ယာယီပြောင်းလဲ ပြေးဆွဲမည့် အစီအစဉ်အဖြစ် ရွာသာကြီးနှင့် ပဲခူးအကြားတွင် အဆန်လမ်းကို ရထားသွားလာရေးအတွက် အသုံးပြုမည်ဖြစ်ပြီး အစုန်လမ်းကို လမ်းပိုင်း ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။ ပဲခူးနှင့် ဘုရားကြီးအကြားတွင် အစုန်-အဆန်လမ်း များ ဆက်လက်ထားရှိပြီး ဘုရားကြီးနှင့် ညောင်လေးပင် လမ်းပိုင်းတွင် အဆန်လမ်းကို ရထား ပြေးဆွဲခြင်း ဆောင်ရွက်မည်ဖြစ်ကာ အစုန်လမ်းပိုင်းကို ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်မည် ဖြစ်သည်။ ညောင်လေးပင်နှင့် ညောင်ခြေထောက် လမ်းပိုင်းတွင် အဆန်လမ်းကို ရထားလမ်းပြုပြင် မည်ဖြစ်ပြီး အစုန်လမ်းကို ရထားသွားလာရေး အတွက် အသုံးပြုမည် ဖြစ်သည်။


အဆင့်(၂)အနေဖြင့် ရွာသာကြီးနှင့် ထုံးကြီးအကြား အဆန်လမ်းကို ရထားသွားလာရေးအတွက် အသုံးပြုမည်ဖြစ်ပြီး အစုန်လမ်းကို ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။ ထုံးကြီးနှင့် ပဲခူးကြားတွင် အဆန်လမ်းကိုပြုပြင်ပြီး အစုန်လမ်းကို ရထားသွားလာခြင်း ဆောင်ရွက် မည်ဖြစ်သည်။


အသေးစိတ်ဒီဇိုင်းရေးဆွဲ


ထိုသို့ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ခြင်းကို အဆင့်ပေါင်း ၁၂ ဆင့်ဖြင့် ပြုပြင်ဆောင်ရွက်သွားမည် ဖြစ်သည်။ အဆိုပါလုပ်ငန်းများကို နှစ်အလိုက်၊ လအလိုက် လုပ်ငန်းများအဖြစ် လျာထားဆောင်ရွက်မည်ဖြစ်သည်။ စီမံကိန်း၏ အဆင့်(၂)ဖြစ်သည့် တောင်ငူ-မန္တလေး လမ်းပိုင်းအတွက် အသေးစိတ် ဒီဇိုင်းရေးဆွဲခြင်းကို JICA အကူအညီဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် ရန်ကုန်-မန္တလေးလမ်းပိုင်း၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်း၊ ရန်ကုန်-ပြည် လမ်းပိုင်း၊ ပဲခူး-မော်လမြိုင်လမ်းပိုင်း၊ ရန်ကုန်မြို့ ပတ်လမ်းပိုင်းဟူ၍ အဓိက ရထားလမ်းပိုင်းကြီး ငါးခုရှိပြီး ရန်ကုန်မြို့ပတ်လမ်းပိုင်းနှင့် ရန်ကုန်မန္တလေးရထားလမ်းပိုင်းတို့ကို JICA ချေးငွေဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ ။


 

1