ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ဒိုက်ဦးဘူတာနှင့် ပြွန်တန်ဆာဘူတာအကြား မိုင်တိုင်အမှတ် (၈၅/၁-၂) အကြား တံတားအမှတ် (၁၁၆/A) အနီးရှိ ရထားလမ်းအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

 

နေပြည်တော်၊ နိုဝင်ဘာ  ၁၄

 

ရန်ကုန် - မန္တလေးရထားလမ်း မကြီး၏  ဒိုက်ဦးဘူတာနှင့် ပြွန်တန်ဆာ ဘူတာအကြား မိုင်တိုင် (၈၅/၁-၂) ရှိ တံတားအမှတ် (၁၁၆/A) အနီး   အကြမ်းဖက်သမားများက ယနေ့နံနက် ၇ နာရီခွဲတွင် ရထားလမ်းအား မိုင်းထောင် ဖောက်ခွဲမှုကြောင့် တံတားအစွန်  ကွန်ကရစ်ခုံ သုံးပေပတ်လည်ခန့် ပျက်စီးခဲ့ပြီး စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ခဲ့ရာ တံတားပေါ် သံလမ်းနှစ်ခုအကြား ပလတ်စတစ်ကော်ပုံးနှင့် ထည့်ထားသည့် လက်လုပ်မိုင်းသုံးလုံးနှင့် တံတားအောက်တွင် လက်လုပ်မိုင်း လေးလုံးအား တွေ့ရှိခဲ့သဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

 

မိုင်းဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသမှ တာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မြန်မာ့မီးရထား ဝန်ထမ်းများကလည်း ပျက်စီးသွားသော ရထားလမ်းအား ပြန်လည်မွမ်းမံ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ရထားသွားလာမှုကို ထိခိုက်မှုမရှိ သော အစုန်လမ်းမှ ဆက်လက် စေလွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခု အချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့်ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ တွေ့ရှိခြင်း ၁၂၈ ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း ၄၆ ကြိမ်၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ ဖျက်ဆီးခြင်း ၁၂ ကြိမ် ကျူးလွန်ခဲ့ကြကြောင်း မှတ်တမ်းများအရ သိရသည်။

 

နိုင်ငံတော် အစိုးရအနေဖြင့် အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေ ချောမွေ့ မြန်ဆန်စေရေးအတွက် ရထားလမ်း အခြေခံအဆောက်အအုံများ ပိုမိုကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက် သောင်းကျန်းသူများကမူ နိုင်ငံတော်ပိုင် ရထားစက်ခေါင်း၊ တွဲများနှင့်ခရီးသည်များ၊ ကုန်စည်များ ထိခိုက်ပျက်စီးစေရေး၊ ပြည်သူများ အသက်အန္တရာယ် ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေး၊ ရထားဖြင့် ခရီးသွားလာမှုမပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့အပြင် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများ အချိန်ပိုမို ကြန့်ကြာစေရေးတို့အတွက် ယုတ်မာပက်စက်သော ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ် ကျူးလွန်နေကြသောကြောင့် အဆိုပါအကြမ်းဖက် သောင်းကျန်းသူများ၏ ယုတ်မာပက်စက်မှုများအပေါ် ဒေသခံ ပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn