ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းမကြီး  

 

ခရမ်းစိုးမြင့်

 

ရန်ကုန် - ပုသိမ်  အဝေးပြေးကားလမ်းမကြီး သည် ရန်ကုန်မှ ပုသိမ်အထိ တိုက်ရိုက်  ၁၁၃ မိုင် ၂ ဖာလုံ  ရှည်လျားစွာ ဖောက်လုပ်ထားသော်လည်း ရန်ကုန် - ပုသိမ်လမ်း မိုင်တိုင်အမှတ်  (၄၁  မိုင်  ၃ ဖာလုံ) ရှိ  ဧရာဝတီမြစ်ကူးတံတားကြီး ဗိုလ်မြတ်ထွန်း တံတားမှတစ်ဆင့်  ဟင်္သာတ၊ မြောင်းမြ၊ လပွတ္တာနှင့် ဝါးခယ်မသို့လည်းကောင်း၊ မိုင်တိုင်အမှတ် (၃၃)မှတစ်ဆင့် မအူပင်မြို့သို့လည်းကောင်း သွားလာ၍ရသောလမ်းမကြီးဖြစ်ပြီး ရန်ကုန်မြို့မှ ဗိုလ်မြတ်ထွန်းတံတားအထိ တစ်နေ့ဖြတ်သန်းသွားလာ မောင်းနှင်နေသော ယာဉ်အစီးရေ ၃၈ဝဝ နှင့် ဗိုလ်မြတ်ထွန်းတံတားမှ ပုသိမ်အထိ တစ်နေ့ ယာဉ်စီးရေ ၂၇ဝဝ သွားလာမောင်းနှင်လျက် ရှိသည်ဟု သိရသည်။

 

ရန်ကုန်မှ ဗိုလ်မြတ်ထွန်းတံတားအထိအပိုင်းသည် ယာဉ်သွားလာမှု များပြားသောကြောင့် အရေးကြီးသော လမ်းပိုင်းဖြစ်သည့်အတွက် မူလ ၂၄ ပေအကျယ် ကတ္တရာလမ်းမှ ပေ ၃၀ အကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် လျက်ရှိသည်။ ရန်ကုန်-ပုသိမ် အမှတ်(၅)အဝေးပြေး လမ်းမကြီး နှစ်လမ်းသွား ၂၄ ပေအကျယ်မှလေးလမ်း သွား ပေ ၃ဝ အကျယ် ၄၈ ပေ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေကျပ် ၂၉၀၀၀ သန်း အကုန်ခံ သုံးစွဲ၍ လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (တည်ဆောက်ရေး)၊ အင်ဂျင်နီယာချုပ်(မြို့ပြ) (တည်ဆောက်ရေး)တို့နှင့် ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ)တို့က ဦးဆောင်၍ လမ်းအထူးအဖွဲ့(၁၄)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)၊ လမ်းအထူးအဖွဲ့ (၂၀) မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ)၊ ပုသိမ်ခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)၊ မအူပင် ခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)တို့က တာဝန်ယူဆောင်ရွက်ခဲ့ကြသည်။

 

ဧရာဝတီတိုင်းဒေသကြီးသည် အလောင်းမင်း တရားကြီး၏ တတိယမြန်မာနိုင်ငံတော်တွင် လည်း ရာမညတိုင်းအတွင်း ပါဝင်ခဲ့သည်ဟု သိရသည်။ ဗြိတိသျှကိုလိုနီခေတ်၌ “ပဲခူးတိုင်း”ဟု သတ်မှတ် ဖွဲ့စည်းသောအခါ ဟံသာဝတီခရိုင်၊ ဟင်္သာတခရိုင် နှင့် ပုသိမ်ခရိုင်ဟူ၍ ခရိုင်သုံးခု ရှိခဲ့ရာ ဟင်္သာတခရိုင် နှင့် ပုသိမ်ခရိုင်တို့သည် ယနေ့ ဧရာဝတီတိုင်းဒေသ ကြီး၏ နယ်ပယ်များဖြစ်နေကြပြီ ဖြစ်သည်။ ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးသည် ခေတ်တည် သမိုင်းဝင် မြန်မာဘုရင်နန်းစိုက်ခြင်းမရှိခဲ့သော်လည်း ဂေါတမဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က တပုဿနှင့် ဘလ္လိကကုန်သည် ညီနောင်နှစ်ဦးတို့ ဘုရားရှင်၏ ဆံတော်မြတ်ကို မဇ္ဈိမဒေသမှ ဒဂုံသို့ ပင့်ဆောင်ရာတွင် မော်တင်စွန်းအရပ်သို့ ရောက်ရှိခဲ့ကြစဉ် ဇေယျသေနနဂါးမင်းက ဆံတော်နှစ်ဆူကို ဆောင်ယူ၍ မော်တင်စွန်းစေတီတော်ကို ဌာပနာပြု တည်ထားခြင်း၊ ပုဂံပြည့်ရှင်အလောင်းစည်သူ မင်းကြီးရေကြောင်းခရီးဖြင့် ပြည်တွင်း ပြည်ပသို့ တိုင်းခန်း လှည့်လည်ရာတွင် ပုသိမ်ဆိပ်ကမ်းကို တစ်ထောက်အနားစခန်းပြု၍ သွားလာကြွချီခဲ့ခြင်း၊ ရဟန္တာအရှင်မြတ်များ၊ သာသနာပြုပုဂ္ဂိုလ်များ၊ သီဟိုဠ်နှင့် မဇ္ဈိမဒေသသို့ကြွချီရာတွင်လည်းကောင်း၊ ဓာတ်တော်မွေတော်များကို မြန်မာပြည်တွင်းသို့ ပင့်ဆောင်လာကြရာတွင်လည်းကောင်း၊ ပုသိမ်မြို့နှင့် ပုသိမ်ဆိပ်ကမ်းဒေသသည် ဝင်ထွက် ပြုရာ တံခါးသဖွယ်တစ်ထောက်နား ထပ်ဆင့် ဖြန့်ဖြူး ခရီးဆက်ရာ အချက်အချာဖြစ်ခြင်းများ အပြင် ပုဂံခေတ်ထက်စောသော ရှေးဟောင်းမြို့ပြ ယဉ်ကျေးမှုရနိုင်သည့်အခြေအနေများ တွေ့ရှိရ သဖြင့် သုတေသနပြုလုပ်နေရသည်အထိ ထူးခြား သောသမိုင်းဝိသေသများ ကြွယ်ဝလျက်ရှိသည်။ ဤသည်ကား ဧရာဝတီတိုင်းဒေသကြီး၏ သမိုင်း နောက်ခံဖြစ်၏။

 

ယနေ့ ဧရာဝတီ

 

မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရရှိပြီး နောက် နှစ်(၅၀)နီးပါးအထိ ဧရာဝတီတိုင်းဒေသကြီးသည် ပုံမှန်အနေအထားများနှင့် ရပ်တည်နေခဲ့ပေသည်။ မြစ်ချောင်းအင်းအိုင်ပေါများပြီး လူဦးရေ ထူထပ်သိပ်သည်းသော တိုင်းဒေသကြီးတစ်ခုဖြစ် သည့် အားလျော်စွာ ရေလမ်းခရီးကိုသာ အဓိက ထား၍ သွားလာကူးသန်းနေကြရခြင်း၊ မိရိုးဖလာ စီးပွားရေးလုပ်ငန်းဖြစ်သော စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများကို လုပ်ကိုင်ကြလျက် ဆန်စပါး၊ လယ်ယာထွက်ကုန်၊ သစ်တောထွက်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများကို ရောင်းဝယ်ဖောက်ကား နေကြသည်။ ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံတော်၏စပါးကျီဟု တင်စားရလောက်သည်အထိ ဘွဲ့ကိုပိုင်ပိုင်နိုင်နိုင်ရရှိခဲ့သည်။ ပြည်တွင်းသာမက ပြည်ပသို့ပါ တင်ပို့နိုင်သော ဆန်စပါး၊ ကျွန်းသစ်နှင့် သား၊ ငါး၊ ပုစွန်တို့ကလည်း လှိုင်လှိုင်ထွက်ရှိပေးကြသည်။ ဤသည်တို့မှာ နိုင်ငံတော်တွင် ကြီးမားသော စီးပွားအင်အားတစ်ခု ဖြစ်၍နေပေသည်။

 

တိုင်းဧရာတွင် သိသာထူးကဲသောပြောင်းလဲတိုးတက်မှုအချို့ ယခင်ကပေါ်ပေါက်ခဲ့ဖူးပေသည်။ သာဓကအားဖြင့် ပုသိမ်-မုံရွာ-ရေဦးလမ်းမကြီး စတင်ဖောက်လုပ်ခြင်းနှင့် ရေနံမြေသစ်များ ရှာဖွေတွေ့ရှိခြင်းတို့ဖြစ်သည်။ ဤ စီမံကိန်းကြီးများသည် ဒေသအတွင်း နေထိုင်သူများအဖို့ အထူးအားတက် ဖွယ်ဖြစ်ခဲ့ရသည်။ ၁၉၆၄ ခုနှစ်ဝန်းကျင်က ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် “ရွှေမည်းကို မြေထဲက တူးဖော်နိုင်ပြီ” ဟူသောအသိဖြင့် မြန်အောင် ရေနံမြေ၊ ရွှေပြည်သာရေနံမြေများကို ဖော်ထုတ်နိုင် ခဲ့ခြင်း၊ ၎င်းအပြင် ရန်ကုန်မြို့မှ အနောက်သို့ တိုးထွက်လာသော အမှတ်(၅) အဝေးပြေး လမ်းမကြီးခေါ်သည့် ရန်ကုန်- ပုသိမ်ကားလမ်းနှင့် စီမံကိန်းဝင်တံတားကြီးများ၊ မြစ်ချောင်းအင်းအိုင် များ၊ အလျားလိုက်နှင့် ကန့်လန့်ဖြတ်လမ်းကွန်ရက်များ၊ ဤလမ်းများကြောင့် ယခုအခါ ဧရာဝတီတိုင်းဒေသကြီးကို ကားနှင့်ပတ်၍ရနေပြီ ဖြစ်သည်။

 

mdn

 

ယခုထပ်၍ ရန်ကုန်-ပုသိမ်အဝေးပြေးလမ်းမကြီးကို ဧရာဝတီတိုင်းလမ်းဦးစီးက လေးလမ်းသွား ၄၈ ပေ အဆင့်မြှင့်တင် ပေးလိုက်ပြန်သဖြင့် ၎င်းအဝေးပြေးလမ်းမကြီးကိုအသုံးပြု၍ ဆက်စပ်ပေါ်ထွန်းလာသော စီမံကိန်းဝင်တံတားကြီးများ ပေါ်မှ ဖြတ်ကျော်၍ ရခိုင်အထိ ခရီးပေါက်ကြတော့မည်ဖြစ်သည်။

 

ရန်ကုန်-ပုသိမ်လမ်း၏ အစဖြစ်သောမိုင်(ဝ/ဝ) မှ (၅/၄)အထိအား ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ ဆောင်ရွက်လျက်ရှိပြီး မိုင်(၅/၄)မှ (၇/၄)အထိ အပိုင်းအား Oriental Highways Co.,Ltd မှ ၄၈ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ်နှင့် မိုင်(၇/၄)မှ (၁၇/၄)အထိ အပိုင်းအား ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ပေ ၃၀ အကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

လမ်းဦးစီးဌာနအနေဖြင့် ဒု-ညွှန်ကြားရေးမှူးချုပ် (တည်ဆောက်ရေး)နှင့် အင်ဂျင်နီယာချုပ် (မြို့ပြ) (တည်ဆောက်ရေး) တို့ ဦးဆောင်၍ညွှန်ကြားရေးမှူး(မြို့ပြ) (တည်ဆောက်ရေး) တစ်ဦး၊ အရည်အသွေး ထိန်းသိမ်းရေး ဌာနမှ ညွှန်ကြားရေးမှူးတစ်ဦး၊ စက်မှုဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦးတို့အား လုပ်ငန်း အကောင်အထည်ဖော် အဆင်ပြေချောမွေ့စေရန် တာဝန်ပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အချုပ်အားဖြင့်တင်ပြရလျှင် ယနေ့ ဧရာဝတီ တိုင်းဒေသကြီးသည် မိရိုးဖလာစိုက်ပျိုးရေး လုပ်ငန်းကို ဆောင်ရွက်နေရာမှ အရှိန်အဟုန် မြှင့်တင်ပေးလိုက်သော ရေလှောင်တမံကြီးများ၊ ရေထိန်းတံခါးများနှင့် မြစ်ရေတင်စီမံကိန်းများ၊ ၎င်းတို့၏အကျိုးဆက်ဖြစ်သော မိုးစပါး၊ နွေစပါး အထွက်နှုန်းများ၏ ကျေနပ်အားရဖွယ် ကိန်းဂဏန်းများ၊ သီးခြားတက္ကသိုလ်ကြီးများ၊ ဒီဂရီကောလိပ်များ အဏ္ဏဝါသိပ္ပံ သုတေသန ဓာတ်ခွဲခန်းများ၊ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံများ မိုက်ခရို ဝေ့ဖ်စခန်းများ၊ ပြည်တွင်း ဂြိုဟ်တုဆက်သွယ်ရေး စခန်းနှင့် ပြည်ပရေအောက်ကေဘယ်လ်စခန်းများ၊ ဝမ်းမြောက်ဖွယ်ပေါ်ထွက်လာသော အပန်းဖြေရာ ငွေဆောင်၊ ချောင်းသာ စသည့်သဘာဝကမ်းခြေ အလှများနှင့် နိုင်ငံတကာအဆင့်မီ ဟိုတယ်ကြီးများ စသည့်တိုးတက်မှုတို့နှင့်အတူ ယခုအဆင့်မြှင့်တင် ပေးလိုက်သော အမှတ်(၅) လေးလမ်းသွား ရန်ကုန်-ပုသိမ်အဝေးပြေးလမ်းမကြီးသည် ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးအတွက် ထာဝရအကျိုးပြုမည့် လမ်းမကြီးအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်