ရန်ကုန်-ပုသိမ်ကားလမ်းရှိ အိုင်ဇောက်တံတားအား ခရီးသည်တင်ယာဉ် မှန်လုံယာဉ်တစ်စီး တိုက်မိခဲ့ပြီး ခရီးသည် ၂၁ ဦး ထိခိုက်ဒဏ်ရာရ

ပန်းတနော် ၁၈ ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၅၄/၆ နှင့် ၅၄/၇ ကြားရှိ အိုင်ဇောက်တံတား ညာဘက်ခြမ်းအား ပုသိမ်မှ ရန်ကုန်သို့ မောင်းနှင်လာသော စိန်နိုင်ကျော် ခရီးသည်တင်ယာဉ် မှန်လုံယာဉ်သည် ဧပြီ ၁၈ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်က ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယာဉ်မောင်း ဘုန်းကျော်ထွန်း မောင်းနှင်လာသော 6B/----- ဖြူ/နီကြားရောင် (စိန်နိုင်ကျော်) ခရီးသည်တင် မှန်လုံယာဉ်သည် ပုသိမ်မှ ရန်ကုန်သို့ မောင်းနှင်းလာရာမှ မိုင်တိုင်အမှတ် ၅၄/ ၆ နှင့် ၅၄/၇ ကြားတွင် စတီယာရင် တိုက်လော့ပြုတ်ထွက်ကာ အရှိန်မထိန်းနိုင်ဘဲ တံတားအား ယာဉ်၏ဝဲဘက်ခြမ်းနှင့် ဝင်ရောက်တိုက်မိခဲ့သဖြင့် ယာဉ်မောင်းအပါအဝင် ယာဉ်နှင့်အတူ လိုက်ပါလာသူ ခရီးသည် (၂၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဖြစ်စဉ်နေရာသို့ ပန်းတနော်မြို့နယ် ရဲမှူးဝင်းသိန်း ဦးစီး၍ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ယာဉ်လမ်းကြောင်းများ ရှင်းလင်းပေးပြီး လူနာများအား ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံသို့ အချိန်မီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းဘုန်းကျော်ထွန်းအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ ဆက်)