ရန်ကုန်ဆိပ်ကမ်းတံတားများတွင် ရေလမ်းကြောင်း တိုးတက်ကောင်းမွန်မှုကြောင့်  အရွယ်အစားကြီးမားသည့် ကုန်သေတ္တာတင်သင်္ဘောကြီးများကို ဝန်ဆောင်မှုပိုမိုပေးနိုင်

ရန်ကုန် ဇွန် ၂၄

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ရန်ကုန်ဆိပ်ကမ်းဧရိယာရှိ  ဆိပ်ကမ်းများသို့နိုင်ငံတကာမှ ကုန်သင်္ဘောကြီးများ ချိန်ခါ မရွေးဆိုက်ကပ်နိုင်သည်။ ရေလမ်းကြောင်းသစ်ကို ဖော်ဆောင်နိုင်ခဲ့ပြီး ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် သောင်တူးဖော်ထိန်းသိမ်းခြင်းကို အလေးထားဆောင်ရွက်မှု ကြောင့် ဆိပ်ကမ်းတံတားတို့တွင် အရွယ်အစားကြီးမားသည့် နိုင်ငံတကာ ကုန်သေတ္တာ တင်သင်္ဘောကြီးများကို ဝန်ဆောင်မှုပိုမိုပေးလာနိုင်ကြောင်း သိရသည်။

ရေလမ်းကြောင်း တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ ရန်ကုန်ဆိပ်ကမ်း ဧရိယာရှိ ဆိပ်ခံတံတားများသို့ ယခင်ကလက်ခံနိုင်ခဲ့သည့် သင်္ဘောအရွယ်အစားထက် ပိုမိုကြီးမား သည့် သင်္ဘောကြီးများကို ဝန်ဆောင်မှုပေးနိုင်ခဲ့ရာ ဇွန် ၂၂ ရက် နံနက် ၉ နာရီခွဲတွင် Asia World Port Terminal ဆိပ်ကမ်းတံတားသို့  ဟောင်ကောင်အခြေစိုက် SITC Shipping Line မှ GRT ၂၉,၂၃၂ တန်နှင့် ကုန်သေတ္တာ ၂,၆၉၈ TEU တင်ဆောင်နိုင်သည့် MV SITC Zhaoming ကုန်သေတ္တာတင် သင်္ဘောကြီးသည် ယင်း၏ ပထမဆုံးခရီးစဉ်အဖြစ် ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ်ခဲ့သည်။

အဆိုပါသင်္ဘောကြီးသည် AWPT ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့သမျှ ကုန်သေတ္တာ သင်္ဘောများ၌ စံချိန်တင် အကြီးဆုံး ကုန်သေတ္တာတင်သင်္ဘောကြီးတစ်စင်းဖြစ်ပြီး ရန်ကုန် ဆိပ်ကမ်းဧရိယာရှိ ရေလမ်းကြောင်းများ ကောင်းမွန်မှုကြောင့် သင်္ဘောကြီးကို မြန်မာ့ဆိပ် ကမ်းအာဏာပိုင်မှ ရေကြောင်းဌာနမှူးချုပ်ကိုယ်တိုင်ကြီးကြပ်၍ ဘေးကင်းလုံခြုံစွာ ဆိုက်ကပ်ခဲ့ကြောင်းနှင့်  အဆိုပါ MV SITC Zhaoming ကုန်သေတ္တာတင်သင်္ဘောသည် ဇွန် ၂၃ ရက်တွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ဓာတ်ပုံ-မြန်မာ့ဆိပ်ကမ်းအာဏာပိုင်                                                                                                                                        ညိမ်းသူ(သတင်းစဉ်)