ရန်ကုန်ကလေးဆေးရုံကြီးတွင် တက်ရောက်သောကလေးငယ်များအား H1N1 တုပ်ကွေးဖြစ် ပွားမှုရှိ၊ မရှိစမ်းသပ် စစ်ဆေးလျက်ရှိ 

ရန်ကုန်  ၂၁  ဇွန် 

 

ရန်ကုန်တိုင်းဒေသကြီးတွင် ရာသီတုပ်ကွေးဖြစ်ပွားမှုကို တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ထိန်းချုပ်မှုနှင့်အတူ ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး  ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင်လည်း ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူတို့ကို ကုသပေးလျက်ရှိရာ ရန်ကုန် ကလေးဆေးရုံကြီး (ဟယ်လ်ပင်)တွင်လည်း ရာသီ တုပ်ကွေး H1N1 ရောဂါနှင့် ပတ်သက်၍ ကလေးများအား စမ်းသပ်စစ်ဆေးခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းကို ဇွန်လဆန်းပိုင်းမှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

“ဇွန်လဆန်းပိုင်းကစပြီး ရန်ကုန်ကလေးဆေးရုံမှာ ရာသီတုပ်ကွေး H1N1 ရောဂါရှိ၊ မရှိစစ်ဆေး ရှာဖွေခဲ့တာ ဒီနေ့ထိ မတွေ့သေးဘူး။ မိုးရာသီမှာ ရာသီတုပ်ကွေး ပုံမှန်ဖြစ်တတ်တယ်၊ ကိုယ်ခံအား နည်းရင်ပြင်းထန် အဆုတ်ရောင်ရောဂါဖြစ်တတ်တယ်ဆိုတော့ မိဘတိုင်း မိမိကလေးကို အာဟာရဖြစ်အောင် ကျွေးမွေးဖို့၊ ခြင်မကိုက်အောင် ခြင်ထောင်နဲ့သိပ်ဖို့ နဲ့ ကျောင်းတက်ရင် အင်္ကျီလက်ရှည် ဝတ်ဆင်ပေးဖို့လိုပါ့မယ်။ ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားတဲ့ အတိုင်းအိမ်မှာဖုံး၊ သွန်၊လဲ၊စစ် လုပ်ဆောင်မှုနဲ့ သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်နိုင်ပါတယ်” ဟု ရန်ကုန်ကလေးဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်စုစုဒွေးက ပြောသည်။

 

(၂၀၁၉) ခုနှစ်၊ ဇွန်လတွင် ရာသီတုပ်ကွေး ရောဂါ သံသယလူနာ ဦးရေ ၂၀ ၊ရာသီတုပ်ကွေးရောဂါ (H1N1 pdm09) ဟု ဓာတ်ခွဲအတည်ပြုပြီးသူ (၇)ဦးရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသောလူနာများအနက် ဇွန်(၁၇)ရက်မှ (၁၉)ရက်နေ့ထိ သေဆုံးသူ(၃)ဦးရှိခဲ့၍ သေဆုံးသူတို့မှာ နာတာရှည် ရောဂါရှိသူ၊ မွေးဖွားပြီးမိခင်နှင့် သက်ကြီးရွယ်အို စသည့်ရောဂါအခံနှင့် ဆက်စပ်အကြောင်းအရာတို့ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော အဖွဲ့မှ သေဆုံးခဲ့သော လူနာနေအိမ်သို့ သွားရောက်၍ နှစ်သိမ့်အားပေးမှုနှင့်အတူ ရာသီတုပ်ကွေးရောဂါအကြောင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို လက် ကမ်းစာစောင်များ ဝေငှပြီး အသိပညာပေးလျက် မိသားစုဝင်များနှင့် ပတ်ဝန်းကျင်တွင် တုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းတို့ကို သက်ဆိုင်ရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဇွန်(၁၈)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ (၃)တွင် ကျင်းပခဲ့သည့် ရာသီတုပ်ကွေး (H1N1) ရောဂါဖြစ်ပွားမှုနှင့် ကြိုတင်ကာကွယ်  ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

 

H1N1 နှင့် ရာသီတုပ်ကွေးရောဂါသည် လေထဲနှင့် နှာချေရာမှ ထွက်ပေါ်သော အရည်အမှုန်အမွှား ကျရောက်သောနေရာကို ကိုင်တွယ်မိရာမှ လက်မှကူးစက်တတ်ခြင်းကြောင့် လေထဲမှ ကူးစက်ခြင်းနှင့် လက်ဖြင့်ကိုင်တွယ်ရာမှ ကူးစက်တတ်သော ရောဂါဖြစ်ကြောင်း၊ H1N1 သည် ရာသီတုပ်ကွေးထက် အမှုန်အမွှားကြီးတတ်သောကြောင့် လက်ကို သေချာစွာ ဆေးကြောရန် လိုအပ်ပြီး၊ ရောဂါ ဖြစ်ပွားခဲ့ပါက ကြောက်ရွံ့ရန်မလိုဘဲ ရာသီတုပ်ကွေးရောဂါ မိမိကစ ကာကွယ်ပါဟူ၍ အသိပေးလမ်း ညွှန်ထားရာ လူထူထပ်ရာ နေရာများသို့ သွားလာပါက နှာခေါင်းစည်းများ တပ်ဆင်ရန် ဒေါက်တာ ဒေါ်စုစုဒွေးက ဖြည့်စွက်ပြောကြားသည်။

 

ရန်ကုန်ကလေးဆေးရုံကြီး (ဟယ်လ်ပင်) မှာ ကုတင်(၅၀ဝ)ဆံ့ဖြစ်သော်လည်း ကလေးလူနာ (၅၆၀)ကို ကုသပေးလျက်ရှိပြီး ဖျားနာ၊ ခွဲစိတ်၊ အရိုးကု၊ ဦးနှောက်နှင့် အာရုံကြော၊ သွေးကင်ဆာရောဂါ၊ ကလေးဆီးချိုနှင့် ကျောက်ကပ်ရောဂါ၊ အသဲရောဂါနှင့် မွေးကင်းစဖြစ်ပွားတတ်သော ရောဂါတို့ကို ကုသပေးလျက်ရှိပြီး ယခုမိုးရာသီတွင် ဖြစ်ပွားတတ်သော တုပ်ကွေးရောဂါနှင့် H1N1 ရောဂါဖြစ်ပွားမှုရှိ၊ မရှိကို ကလေးဆေးရုံရှိ ကလေးလူနာများကို စစ်ဆေးခဲ့ရာ ရောဂါဖြစ်ပွားမှုမရှိကြောင်း သိရသည်။

 

သန်းထိုက်