ရန်ကုန်မြို့ ရေစီးရေလာ ၇၅ ရာခိုင်နှုန်း တိုးတက်ကောင်းမွန်လာ

တင်ဝင်းလေး(ကြည့်မြင်တိုင်)၊ ဓာတ်ပုံ-ကိုကြီးတင်

မြန်မာပြည်တစ်ဝန်း မိုးများဖြိုင်ဖြိုင်ရွာသွန်းလာ ပြီဖြစ်သည်။ ရန်ကုန်မြေတွင် မိုးဦးလေဦး၌ အချို့သော မြို့နယ်တို့တွင် သစ်ပင်ကြီးများ ပြိုလဲမှုတွေ့လာရသော်လည်း ယခုနှစ်တွင် နှစ်စဉ်ရေလျှံ လေ့ရှိတတ်သော မြို့နယ်အချို့တွင် ကားလမ်းများပေါ်၌ ရေကြီးရေလျှံခြင်း၊ အိမ်များအတွင်းသို့ ရေများစီးဝင်ခြင်း သတင်းများကို ကြားသိတွေ့မြင်ရခြင်းမရှိပေ။

မိုးသည်းသည်နှင့် နှစ်စဉ်နှစ်တိုင်း ကားလမ်းပေါ်သို့ အချိန်ကြာမြင့်စွာ ရေများတင်၍ ကားများအသွားအလာ၊ ခရီးသည်များ အသွားအလာ အခက်အခဲဖြစ်လေ့ရှိခဲ့သော စမ်းချောင်းမြို့နယ် ဗဟိုလမ်းနှင့် ဗားကရာလမ်းဆုံတွင်လည်းကောင်း၊ တာမွေမြို့နယ် ဗလီမှတ်တိုင်ဝန်းကျင်တွင်လည်းကောင်း၊ တာမွေမြို့နယ် ယုဇနပလာဇာ ဝန်းကျင်တွင်လည်းကောင်း၊ ယခုနှစ်တွင် အထက်ကဆိုခဲ့သော အခက်အခဲများကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှု လုပ်ငန်းတာဝန်ခံအဖွဲ့မှ သိရသည်။

မြေအောက်မြောင်း ရှင်းလင်းနိုင်ခဲ့

နှစ်စဉ်မိုးရွာလာသည်နှင့်ကားလမ်းပေါ်တွင် ရေပင်လယ်ဖြစ်ခဲ့သည့် စမ်းချောင်းမြို့နယ် ဗားကရာလမ်းနှင့် ဗဟိုလမ်းဆုံအနီးရှိ ဆိုက်ကားဂိတ်မှ အနှေးယာဉ်လုပ်သားတစ်ဦးက “ဒီနှစ်မိုးရာသီ အစမှာကတည်းက မိုးများပေမယ့် ဒီလမ်းဆုံတွေမှာ ရေတင်ပြီး ကားအသွားအလာ၊ ခရီးသည်အသွား အလာအခက်အခဲတွေ မတွေ့ရတော့ဘူးဗျ။ လမ်းသားတွေလည်း မြင့်တက်လာတယ်။ အင်္ဂလိပ် လက်ထက်ကတည်းကရှိခဲ့တဲ့ မြေအောက်မြောင်းကြီးကိုလည်း ရှင်းလင်းနိုင်ခဲ့တဲ့အတွက် ရေစီးရေလာ ကောင်းသွားပါပြီ” ဟု ၎င်း၏ အမြင်ကို ပြောသည်။

ယင်းကဲ့သို့ ရန်ကုန်မြို့ကြီးမှ မြို့နယ်အတော်များများ ရေစီးရေလာ တိုးတက်ကောင်းမွန်လာမှုနှင့်ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၁၁)၊ ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှု လုပ်ငန်းတာဝန်ခံအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဟန် နှင့် တွေ့ဆုံခဲ့သည်။

 

MDN

 

ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်

ယခုအခါ မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် မြို့နေပြည်သူတို့အကျိုး ပိုမိုဆောင်ရွက်နိုင်ရန်အလို့ငှာ လုပ်ငန်းတာဝန်ခံအဖွဲ့ ခုနစ်ဖွဲ့နှင့် ဌာနကြီးသုံးခုဖြင့် ပြင်ဆင်ဖွဲ့စည်းဆောင် ရွက်လျက်ရှိနေပြီဖြစ်သည်။

ဓိကသိချင်သော အကြောင်းအရာနှင့် ပတ်သက်၍ ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှုတွင် မြို့နယ် ၃၃ မြို့အား မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် (၁၁) က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ပြီး မြို့နယ်အလိုက် မြို့နယ်စည်ပင် ဥက္ကဋ္ဌ၊ ကော်မတီဝင်နှစ်ဦး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနမှ ဒုတိယဦးစီးမှူး တစ်ဦးတို့က အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး မြို့နယ်စည်ပင် နဥ က အတွင်းရေးမှူးအဖြစ် ပါဝင်သောအဖွဲ့များ ဖွဲ့စည်း ၍ ဆောင်ရွက်နေကြောင်း သိရသည်။

၇၅ ရာခိုင်နှုန်း တိုးတက်ကောင်းမွန်လာ

လုပ်ငန်းတာဝန်ခံအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဟန်က “မြို့တော်ကြီး ရေစီးရေလာ ကောင်းမွန်ဖို့အတွက် အခုလိုမိုးမရောက်ခင်ကတည်းက ကျွန်တော်တို့ စည်ပင်မှာ စတင်တာဝန်ယူစဉ်ကတည်းက ဆောင်ရွက်လာခဲ့တာပါ။ အခုဆို ၇၅ ရာခိုင်နှုန်း လောက် တိုးတက်ကောင်းမွန်လာပြိီလို့ ပြောလို့ရပါ ပြီ” ဟု ရှင်းပြသည်။

“တစ်ခုတော့ရှိတယ်။ ရေထရက်၊ ဒီရေတက်တဲ့အချိန် မြစ်ရေကလည်း တက်လာမယ်။ မိုးကလည်း ကောင်းကောင်းရွာလာမယ်။ အဲဒီလို တိုက်ဆိုင်မှုရှိလာရင် အဲဒီနေရာတစ်ဝိုက်မှာတော့ ရေပြန်ကျသွားဖို့က တစ်နာရီလောက်တော့ကြာ တတ်တယ်။ နောက်တဖြည်းဖြည်းနဲ့ မြစ်ထဲကို ပြန်ဆင်းသွားတတ်ပါတယ်” ဟု ရှင်းပြသည်။

ထပ်မံ၍ “အခုလိုလုပ်နေရတာက အရင် မလုပ်ဘဲ ကျန်နေခဲ့တဲ့နေရာတွေကို ဦးစားပေးပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေရတာဖြစ်ပါတယ်။ အချို့မြောင်းတွေအပေါ်မှာ အသေခင်းထားတဲ့ ကွန်ကရစ်အခင်းတွေကို ပြန်ဖြိုနေရပါတယ်။ အရင်က ရေစီးရေလာနဲ့ ပတ်သက်ရင် လမ်းတံတားဌာနက ဆောင်ရွက်တာပါ၊ အခု ပြန်လည်ဖွဲ့စည်းလိုက်တဲ့အခါ စက်ယန္တရား လုံလုံလောက်လောက်မရှိဘဲ ရှိတဲ့လူအင်အားနဲ့ ကြိုးစားဆောင်ရွက်နေရတာ ဖြစ်ပါတယ်၊ ရှေ့ကိုတိုးဖို့ရာမှာ အခက်အခဲတွေရှိတာ အမှန်ပါပဲ” ဟု ရှင်းပြသည်။

လူဦးရေ ခုနစ်သိန်းနီးပါး အထိရှိလာ

ရန်ကုန်မြို့တော်ကြီးအား မြို့ကွက်ဖော် တည်ဆောက်ရာ၌ ယခင်စတင်တည်ဆောက်ခဲ့သော အင်္ဂလိပ်အစိုးရအနေဖြင့် မြို့ရှိလူဦးရေ ၄၀ဝဝဝ မျှလောက်အတွက်သာ စီမံဆောင်ရွက်ခဲ့ပြီး ယနေ့ ရန်ကုန်မြို့တွင် လူဦးရေ ခုနစ်သိန်းနီးပါး အထိရှိလာပြီဖြစ်ရာ မြို့တွင်းမြို့နယ်တို့အတွက် မိလ္လာတွန်းစက် (လေမှုတ်စက်) ပင်လျှင် နှစ်ပေါင်း ၁၃၁ နှစ်ရှိပြီဖြစ်ကြောင်း၊ ရေဆင်းမြောင်းများ ကိုလည်း ထိုနည်းအတိုင်း တွက်ချက်ခဲ့ခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးမင်းဟန်က ပြောသည်။

မြို့ပေါ်၌ ရေများလျှံရခြင်း၊ တင်ကျန်နေရခြင်း အကြောင်းနှင့် ပတ်သက်၍ “အရင်က မြို့နယ် အသီးသီးမှာ သဘာဝရေကန်တွေ၊ ရေအိုင်တွေရှိတယ်။ အဲဒီရေကန်၊ ရေအိုင်တွေကို စီးပွားရေးသမားတွေက မြေတွေဖို့ပြီး အထပ်မြင့်အဆောက် အအုံတွ ဆောက်ကြတယ်။ စက်ရုံတွေဆောက်ကြတယ်။ နောက်--- အိမ်ကြားတွေ၊ နောက်ဖေးလမ်း ကြားတွေက အရင်က မြေသားတွေရှိကြတယ်။ မိုးရွာရင် မိုးရေက မြေသားထဲကို စိမ့်သွားတယ်။ အခုက ကွန်ကရစ်တွေ ခင်းထားကြတယ်။ မိလ္လာကန်တွေ ပြုလုပ်ထားကြတယ်။ အဲဒါကြောင့် မိုးရေတွေက အိမ်ရှေ့မြောင်းတွေထဲ၊ နောက်ဖေး မြောင်းတွေထဲ စီးဝင်သွားကြတယ်။ အရင်က ပြုလုပ်ထားခဲ့တဲ့ မြောင်းတွေက တိမ်တယ်။ ကျဉ်းတယ်။ ဒါကြောင့် ရေလျှံမှုတွေဖြစ်လာရခြင်း အကြောင်းတစ်ခုပါ။ နောက်လူတွေရဲ့ စည်းကမ်းမဲ့ အမှိုက်ပစ်မှုတွေကြောင့် မြောင်းတွေပိတ်ဆို့မှုတွေ ဖြစ်လာတယ်။ ဆက်စီးလို့မရတော့ ရေတွေက လမ်းမပေါ်တက်လာတယ်။ နိမ့်တဲ့အိမ်တွေထဲ စီးဝင်တယ်” ဟု ရှင်းပြသည်။

အဖွဲ့အနေဖြင့် ယခင်ကရှိခဲ့ပြီးသော မြေအောက်မြောင်းကြီးများအတွင်းရှိ အမှိုက်များကိုပါ ရှင်းလင်းရပြီး ရေစီးရေလာ ကောင်းမွန်ရေးအတွက် လူအင်အားကိုသာ အဓိကထား ရှင်းလင်းနေကြရခြင်းဖြစ်သည်။ စက်ယန္တရားများကို တိုင်းဒေသကြီး အစိုးရ၏ ခွင့်ပြုချက်နှင့်အညီ ဘတ်ဂျက်အရ နိုင်ငံခြားမှ မှာယူထားလျက်ရှိကြောင်း သိရသည်။ အဓိကလုပ်ငန်းအနေဖြင့် စည်းကမ်းမဲ့သူတို့ မြောင်းအတွင်းသို့ စွန့်ပစ်သော အမှိုက်များ တစ်ခါသုံးပစ္စည်းကို နေ့စဉ်နှင့်အမျှ ရှင်းလင်း နေကြရခြင်းဖြစ်သည်။

 

​​​​​​​​MDN

 

အလေးထား ဆောင်ရွက်

ဥက္ကဋ္ဌ ဦးမင်းဟန်က “ကျွန်တော်တို့အနေနဲ့ ဒီလုပ်ငန်းစဉ်ကို မိုးတွင်းတစ်ချိန်တည်းသာ လုပ်တာမဟုတ်ပါဘူး။ ကျန်တဲ့ရှစ်လပါ ဆက်တိုက် လုပ်ဆောင်သွားမှာဖြစ်တဲ့အတွက် နောင်နှစ် မိုးကာလရောက်ရင် အဆင်ပြေသွားမှာပါ။ ကျွန်တော်တို့ အဖွဲ့ရဲ့အကြွေးတွေကို နောက်လူတွေအတွက် မကျန်ခဲ့စေဖို့ ကျွန်တော်တို့အလေးထား ဆောင်ရွက်သွားမှာပါ” ဟု ပြောသည်။

မြို့တော်နေပြည်သူများအားလုံးက မိမိတို့ မြို့တော်ကြီးအား အစဉ်ထာဝရ သန့်ရှင်းလှပစေချင်သည်မှာ အမှန်ပင်ဖြစ်ပါသည်။ သို့ပါ၍ ဤနေရာတွင် အတွေးအခေါ် အသိအမြင်တစ်ခုသည် မိမိစိတ်အစဉ်ဝယ် အမြဲကိန်းအောင်နေဖို့ လိုအပ်ပေသည်။ မိမိတစ်ယောက်တည်းက ပစ်လိုက်သော အမှိုက်တစ်ခုသည် ဘာမျှမဖြစ်လောက်ဟု ဆိုသော်လည်း မိမိမှ နောက်တစ်ယောက်၊ နောက်တစ်ဦးဆိုပါက များပြားလာသော အမှိုက်များဖြစ်လာမည်ကို သိမြင်ဖို့ လိုပေသည်။

အမှိုက်တွေမပစ်ကြပါနဲ့

သို့အတွက် ဥက္ကဋ္ဌ ဦးမင်းဟန်က “ကျွန်တော် တို့ကို ပြည်သူအများက အသိတရားနဲ့ ဝိုင်းဝန်းကူညီကြပါ။ မြောင်းတွေထဲ နောက်ဖေးလမ်းကြားတွေမှာ အမှိုက်တွေမပစ်ကြပါနဲ့၊ မိမိအိမ်ရှေ့၊ မိမိနောက်ဖေးမြောင်းတွေမှာ တစ်ပိုင်တစ်နိုင်အနေနဲ့ မြောင်းဖုံးတွေပြုလုပ်ကြပါ။ ကုသိုလ်စိတ်၊ ပရဟိတ စိတ်နဲ့ တစ်လတစ်ခါလောက်ကို မိမိအိမ်ရှေ့၊ အိမ်နောက် မြောင်းတွေထဲက အမှိုက်တွေကို ဆယ်ကြပါ။ မြောင်းချေးတွေကို ဆယ်ထုတ်ကြပါ။ ဒါဆို မြို့တော်ကြီးမှာ ရေကြီးရေလျှံမှုတွေ ကင်းဝေးပြီး သန့်ရှင်းတဲ့ မြို့တော်ကြီးဖြစ်လာမှာပါ။ အဲဒီအခါ ဌာနက ကုန်ကျမယ့်ငွေကြေးက မြို့တော်ကြီးအတွက် အခြားသော ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အထောက်အပံ့ ဖြစ်လာနိုင်တာမို့ မြို့နေပြည်သူအပေါင်းက ဝိုင်းဝန်းကူညီမှုတွေနဲ့ ပူးပေါင်းဆောင် ရွက်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု နိဂုံးချုပ်ခဲ့သည်။

မြန်မာ့အလင်း