ရန်ကုန်မြို့ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ မြို့တော်ဝန် ကြည့်ရှုစစ်ဆေး

ရန်ကုန်     ဇွန်     ၁၈

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် (၂၅)ရပ်ကွက် သံသုမာလမ်းရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း(သုဝဏ္ဏ)သို့ ရောက်ရှိပြီး ကျောင်းဝင်းအတွင်း ရေစီးရေလာကောင်းမွန်ရေး ရေဆင်းမြောင်းတူးဖော်နေမှုနှင့် ကျောင်းရှေ့ရေမြောင်း အတွင်း အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်သော ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မဟော်ဂနီပင် (၁၂၀)ကို စိုက်ပျိုးပေးကြပြီး ကျိုက်ခေါက်ဘုရားဝင်း ရှေ့ရေမြောင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန်နှင့် မြက်ပင်ချုံနွယ်များရှင်းလင်းရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)