ရန်ကုန်မြို့မှာ ပထမဆုံးပေါ်ထွက်လာမယ့် Smart Street

ဓာတ်ပုံ-ကေဇင်

ဆွေဦးဝေ

ပန်းဆိုးတန်းလမ်း (အောက်လမ်း)ကနေ ကုန်သည်လမ်းဘက်ကို လျှောက်လာပြီး စာပေဗိမာန်ရှေ့ ပလက်ဖောင်းအတိုင်း ဆက်သွားလိုက်တဲ့အခါ ဆိပ်ကမ်းသာလမ်းကို ရောက်လာပါတယ်။ ဆိပ်ကမ်းသာလမ်းရောက်တဲ့အခါ ဆိပ်ကမ်းသာလမ်း (အောက်လမ်း) ဘက်ကို လှမ်းကြည့်လိုက်ရာမှာ လမ်းဘေး ဝဲယာတစ်ဖက်တစ်ချက်မှာ လိမ္မော်ရောင်ဝတ်စုံတွေနဲ့ အလုပ်လုပ်နေသူတွေကို တွေ့ရပါတယ်။ သူတို့တွေဟာ ရန်ကုန်မြို့ရဲ့ Smart Street ဖြစ်ပေါ်လာစေဖို့ လုပ်ကိုင်ဆောင်ရွက်နေသူတွေ ဖြစ်ပါတယ်။

“Smart Street ကို ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာလမ်း (အောက်လမ်း)၊ ကမ်းနားလမ်းနဲ့ ကုန်သည်လမ်းကြားမှာ စတင်အကောင် အထည်ဖော်ဆောင်ရွက်နေပါတယ်” လို့ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့အစည်း အတွင်းရေးမှူး ဦးလင်းခိုင်က ပြောထားပါတယ်။

ရန်ကုန်မြို့ကို နိုင်ငံတကာအဆင့်မီ မြို့ကြီးတစ်မြို့အသွင် ပီပီပြင်ပြင် ထွက်ပေါ်လာစေဖို့ ဘက်ပေါင်းစုံက ကြိုးစားဆောင်ရွက်နေချိန်မှာ အခုလို Smart Street တွေလည်း ဖြစ်ထွန်းလာဖို့ လိုအပ်နေပါတယ်။ ရန်ကုန်မြို့ရဲ့ လမ်းတွေဟာ သန့်ရှင်းသပ်ရပ်ပြီး လက်ရှိလူမှုဘဝ နေထိုင်မှုတွေအတွက် အဆင့်အတန်းရှိရှိ လိုက်ဖက်ညီစွာ ထွက်ပေါ်လာရေးဟာ မြို့နေပြည်သူတွေ တစ်ဦးချင်းအလိုက် စည်းကမ်းရှိစွာ ပူးပေါင်းပါဝင်ဖို့တော့ လိုအပ်နေပါတယ်။

ရန်ကုန်မြို့မှာ ပထမဆုံးထွက်ပေါ်လာဖို့ အကောင်အထည်ဖော်နေတဲ့ Smart Street လုပ်ငန်းကို ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဒီဇိုင်းထုတ်ပေးထားတာဖြစ်ပြီး ပညာရှင်တွေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းပိုင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

အခုစီမံကိန်း အကောင်အထည်ဖော်နေတဲ့ ဆိပ်ကမ်းသာလမ်း (အောက်လမ်း)က Smart Street ဟာ အရှည်ပေ ၈၅၀ ခန့်ရှိပြီး လမ်းဘေးဝဲယာတွေမှာ လုပ်ငန်းဆောင်ရွက်မှုတွေ လုပ်ကိုင်နေပြီဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ မြေဧရိယာအလိုက် လမ်းဘေးတစ်ဖက်တစ်ချက်မှာ ဘလောက်တုံးငယ်လေးတွေ စီပြီးခင်းနေတာ၊ ရေမြောင်းတွေ ပြုပြင်နေတာ၊ လမ်းဧရိယာတစ်လျှောက် ပြုပြင်မှုပြုလုပ်နေတာ တွေ့ရပါတယ်။

Smart Street အဖြစ် အကောင်အထည်ဖော်တဲ့လုပ်ငန်းကို ၂၀၁၉ ခုနှစ် သြဂုတ်လလယ်က စတင်ပြီး မြေပြင်တိုင်းတာမှုလုပ်ငန်း၊ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ဒီစီမံကိန်းတစ်ခုလုံးကို လာမယ့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလကုန်မှာ ပြီးစီးနိုင်ရေး မျှော်မှန်းထားတယ်လို့ သိရပါတယ်။

ဒီလမ်းဟာ တစ်လမ်းမောင်းကားလမ်းဖြစ်ပြီး လမ်းဘေးကပ်လျက်မှာ စက်ဘီးစီးနင်းလမ်းကိုလည်း ထည့်သွင်းတည်ဆောက်ပေးသွားဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် ကားပါကင်၊ မီးဆိုင်းတွေ၊ ညအလှမီးပန်းတွေနဲ့ လှပတဲ့မီးတိုင်တွေလည်း ထည့်သွင်းသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ဒါ့အပြင် လမ်းလျှောက်သူတွေ လာရောက် လေ့လာကြည့်ရှုသူတွေ၊ ဆိပ်ကမ်းသာလမ်းမှာ နေထိုင်သူတွေ၊ အပန်းဖြေလာရောက်သူတွေအတွက် ကျယ်ဝန်းတဲ့ လျှောက်လမ်း၊ ထိုင်ခုံတွေနဲ့ ကလေးငယ်တွေအတွက် ကလေးကစားကွင်းတွေ၊ အလှသစ်ပင်တွေလည်း စိုက်ပျိုးဖော်ဆောင် သွားဖို့လည်း အစီအစဉ်ရှိကြောင်း သိရပါတယ်။

အခု Smart Street စီမံကိန်းဟာ ရန်ကုန်စည်ပင်သာယာရေးကော်မတီ ဘတ်ဂျက်နဲ့ သုံးစွဲအကောင်အထည်ဖော်နေခြင်းဖြစ်ပြီး Smart township  ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ကမ်းနားလမ်းနဲ့ ကုန်သည်လမ်းကြား ဆိပ်ကမ်းသာ လမ်း(အောက်လမ်း)ရဲ့ လမ်းပိုင်းကို ဖော်ဆောင် နေခြင်းဖြစ်ပါတယ်။

 

mdn

 

သန့်ရှင်းခေတ်မီတဲ့လမ်းတွေ ထွက်ပေါ်လာဖို့

ဒီစီမံကိန်းဟာ ရန်ကုန်မြို့ရဲ့ ပထမဆုံး Smart Street အဖြစ် ပေါ်ထွက်လာမှာဖြစ်ပြီး ဒီရှေ့ပြေးစီမံကိန်းပြီးရင် ရန်ကုန်မြို့ရဲ့ အခြားမြို့နယ် လမ်းတွေမှာလည်း ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားဆောင်ရွက်သွားမယ့် အစီအစဉ်လည်း ရှိနေပါတယ်။ လူတွေ၊ ကားတွေ၊ အထပ်မြင့် အဆောက်အအုံတွေနဲ့ ပြည့်နှက်နေတဲ့ ရန်ကုန်မြို့မှာ အခုလို စိတ်အပန်းဖြေနိုင်ဖို့အတွက် သန့်ရှင်းခေတ်မီတဲ့လမ်းတွေ ထွက်ပေါ်လာဖို့ လိုအပ်နေတာတော့ အမှန်ပါပဲ။

ပြည်သူတွေလည်း ပူးပေါင်းပါဝင်

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရဲ့ နောက်ဖေးလမ်းကြားအချို့မှာ နောက်ဖေးလမ်းကြား ဥယျာဉ်တွေကို ဒို့အိမ်အဖွဲ့နဲ့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီတို့ ပူးပေါင်းပြီး အကောင်အထည်ဖော်နေတာဟာ အောင်မြင်မှုတွေ ရရှိနေပါတယ်။ ပြည်သူတွေလည်း ပူးပေါင်းပါဝင်နေတာမို့ အနီးဝန်းကျင်မှာ နေထိုင်သူတွေရော၊ လမ်းမှာနေထိုင်သူတွေပါ ဝိုင်းဝန်းထိန်းသိမ်းကြရင် နောက်ဖေးလမ်းကြားဥယျာဉ်တွေ ဆက်တိုက်ထွက်ပေါ်လာဖို့ ရှိနေပါတယ်။

ရန်ကုန်မြို့မှာ ကီလီလမ်းကို ဝါးတန်းလမ်း၊ ဂေါ်ဒွင်လမ်းကို မြို့မကျောင်းလမ်း၊ ဘောင်ဒရီလမ်း ကို ဓမ္မစေတီလမ်းစတဲ့ အမည်ပြောင်းလဲခဲ့သလို အခု Smart Street အဖြစ် ဖော်ဆောင်နေတဲ့ ဆိပ်ကမ်းသာလမ်းဟာလည်း အရင်က လွစ္စလမ်း လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ မြန်မာအမည် ပြောင်းလဲသတ်မှတ်ခဲ့တဲ့ လမ်းပေါင်း ၁၇၇ လမ်းရှိပါတယ်။

နိုင်ငံတကာအဆင့်မီ မြို့ ကြီးဖြစ်ရန်

ရန်ကုန်မြို့ဟာ ပြည်တွင်းပြည်ပ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများပြားတာမို့ စီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းများတဲ့အတွက် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းလာရောက် နေထိုင်လုပ်ကိုင်သူတွေ တဖြည်းဖြည်း များလာပါတယ်။ လူဦးရေ များလာတာနဲ့အမျှ နေထိုင်မှုအတွက် အခက်အခဲတွေရှိလာသလို စနစ်တကျ အိမ်ရာတွေ၊ လမ်းတွေ ဖော်ဆောင်ဖို့လည်း လိုအပ်လာပါတယ်။ ဒါ့အပြင် နိုင်ငံတကာအဆင့်မီ မြို့ကြီးဖြစ်ရန် အခုလို Smart Street တွေလည်း ပေါ်ထွက်လာဖို့လည်း လိုအပ်နေပါတယ်။

ရန်ကုန်မြို့နေပြည်သူတွေအတွက် ကျန်းမာရေးအတွက်ရော၊ အပန်းဖြေဖို့အတွက်သာမက လေ့လာစရာအဖြစ်ပါ ဖြည့်ဆည်းပေးနိုင်တဲ့ Smart Street တွေ ထွက်ပေါ်လာရင် ဝိုင်းဝန်း ပူးပေါင်းထိန်းသိမ်းစောင့်ရှောက်ဖို့လည်း လိုအပ်နေတာအမှန်ပါပဲ။ ။

မြန်မာ့အလင်း