ရန်ကုန်မြို့၌  ရခိုင်ရိုးရာ စုပေါင်းနံ့သာသွေးပွဲ ကျင်းပ

ရန်ကုန် ၁၂ ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ကြီးမှူး၍ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်) မြို့နယ်အသင်းများ၊ လူမှုရေးအဖွဲ့အစည်းများမှ စီစဉ်ကျင်းပသည့် (၁၆) ကြိမ်မြောက် ရခိုင်ရိုးရာ ယဉ်ကျေးမှုသင်္ကြန် စုပေါင်းနံ့သာသွေးပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အာဇာနည်လမ်းရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ရခိုင်သင်္ကြန် ပေါ်ပေါက်လာပုံကို ရှင်းလင်းပြောကြားခဲ့ပြီး ရခိုင်ရိုးရာ ယဉ်ကျေးမှုသင်္ကြန် ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် ရခိုင်ရိုးရာယဉ်ကျေးမှုသင်္ကြန် ဖြစ်မြောက်ရေးကော်မတီ နာယက ရခိုင် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်) ဥက္ကဋ္ဌ ဒေါ်စောခင်တင့်တို့က နံ့သာသွေးပွဲအကြောင်း ရှင်းလင်း ပြောကြားကြသည်။

 

1

 

“ကျွန်မတို့ ရခိုင်ရိုးရာသင်္ကြန်ကို အဆင့်သုံးဆင့်နဲ့ ကျင်းပလေ့ရှိပါတယ်။ ပထမဆုံးအနေနဲ့ နံ့သာသွေးပွဲကျင်းပတယ်။ ဒုတိယအဆင့်က ဘုရားရေသပ္ပာယ်ပွဲပါ။ တတိယကတော့ ရခိုင်ရိုးရာ ယဉ်ကျေးမှုနဲ့အညီ ရေပက်ကစားကြတာဖြစ်ပါတယ်။ အခုနှစ်ကတော့ ရေပက်ကစားကြတာကို မပြုလုပ်တော့ပါဘူး။ ဒီနေ့ နံ့သာသွေးပွဲက ရရှိတဲ့ နံ့သာရည်နဲ့ မနက်ဖန်ဘုရားတွေကို ရေသပ္ပာယ်ပြီး ရခိုင်ပြည်သူ ပြည်သားတွေနဲ့တကွ ပြည်သူအားလုံး အေးချမ်းပါစေ၊ ငြိမ်းချမ်းပါစေလို့ ဆုတောင်းကြပါမယ်။ ရခိုင်ပြည်နယ်ကြီး တည်ငြိမ်အေးချမ်းမှ ပြည်ထောင်စုကြီးလည်း တည်ငြိမ်အေးချမ်းမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်ထောင်စု တိုင်းရင်းသားအားလုံး ကျွန်မတို့ရဲ့ နံ့သာသွေးပွဲမှာ ပါဝင်ကြပြီး ကျွန်မတို့ ရခိုင်ပြည်နယ် ပြည်သူပြည်သားတွေနဲ့အတူ ပြည်ထောင်စုမြန်မာနိုင်ငံကြီးတစ်ဝန်းလုံး အမြန်ဆုံး အေးချမ်းကြပါစေ၊ ငြိမ်းချမ်းကြပါစေလို့ ဝိုင်းဝန်း ဆုတောင်းပေးကြပါ”ဟု နံ့သာသွေးပွဲတွင် ရခိုင်ရိုးရာယဉ်ကျေးမှုသင်္ကြန် ဖြစ်မြောက်ရေးကော်မတီ နာယက၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်) ဥက္ကဋ္ဌ ဒေါ်စောခင်တင့်က ပြောသည်။

 

1

 

စုပေါင်းနံ့သာသွေးပွဲတွင် ရက္ခိုင်မောင်မယ်အသင်း၊ သဇင်ပျိုဖြူ စစ်တွေသူအသင်း၊ လေးတောင်ရင်ခွင်အသင်း၊ ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)၊ မြောက်ဦးမြို့နယ်အသင်း၊ တောင်ကုတ်မြို့နယ်အသင်း၊ သန္တာမြေ ဟန်တာကမ်းသူ၊ ရခိုင်တက္ကသိုလ်ကျောင်းသား ကျောင်းသူများအသင်း၊ ရန်ကုန်မြို့ရှိ ရခိုင်တိုင်းရင်းသားလူမျိုးများနှင့် မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ ပါဝင်၍ နံ့သာသွေးကြသည်။

 

အဆိုပါ နံ့သာသွေးပွဲမှ ရရှိသော နံ့သာရည်များကို သင်္ကြန်အကြိုနေ့ နံနက်ပိုင်းတွင် ယင်းဓမ္မာရုံရှိ ဘုရားများအား အမွှေးနံ့သာရည်ဖြင့် ရေသပ္ပါယ်ရန် စီစဉ်ထားကြောင်း သိရသည်။

 

သတင်း - ကိုကိုဇော်

ဓာတ်ပုံ - ဇော်မင်းလတ်

 

1