ရန်ကုန်မြို့နဲ့ ခရီးသွားလုပ်ငန်း

မောင်မောင်မြင့်ဆွေ၊ ဓာတ်ပုံ-ခင်ဇွန်ဇာလင်း

 

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းမှာ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ ဝင်ရောက်လာမှုကို ကြည့်နေမိပါတယ်။ တစ်ဦးချင်း လာရောက်သူတွေရှိသလို အုပ်စုလိုက် ဝင်ရောက်လာတဲ့ ပြည်ပခရီးသွား ဧည့်သည်တွေကိုလည်း တွေ့မြင်နေရပါတယ်။ ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်လို့ ခေါ်ဝေါ်နေကြတာနဲ့အညီ နိုင်ငံတကာ မှ ခရီးသွားဧည့်သည်တွေဟာ လေကြောင်း ခရီးစဉ်ရော ရေကြောင်းခရီးစဉ်နဲ့ပါ လာရောက် လည်ပတ်နေတဲ့အတွက် မြန်မာနိုင်ငံရဲ့ ပြည်ပခရီးသွားဝင်ရောက်တဲ့ အဓိကဝင်ပေါက်တစ်ခု အဖြစ်လည်း တည်ရှိနေပါတယ်။

 

နိုင်ငံတကာမှ ခရီးသွားဧည့်သည်တွေ သွားလာမှုလွယ်ကူအောင် ဗီဇာပိုင်းဆိုင်ရာ ဖြေလျှော့ပေးသလို စီးပွားရေးလုပ်ငန်းရှင်တွေအတွက်လည်း ရင်းနှီးမြှုပ်နှံမှုလွယ်ကူအောင် နိုင်ငံတော်အစိုးရနဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ကစပြီး ရန်ကုန်တိုင်းဒေသ ကြီးအစိုးရကလည်း စနစ်တကျဆောင်ရွက် ပေးလျက်ရှိပါတယ်။


နိုင်ငံခြားသားဧည့်သည်တွေတိုးလာ


“မြန်မာနိုင်ငံကို လေကြောင်းနဲ့ ဝင်ရောက်လာတဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေ အများစုဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကလည်း ဝင်ပါတယ်။ ဒါ့အပြင် အပျော်စီးသင်္ဘောတွေလည်း သီလဝါဆိပ်ကမ်းကလည်း ဝင်ရောက်ပါတယ်။ သင်္ဘောစင်းလုံးလိုက် နိုင်ငံခြားသားဧည့်သည်တွေ လိုက်ပါလာတဲ့ သင်္ဘောကြီးတွေ သီလဝါဆိပ်ကမ်းမှာ ဆိုက်ကပ်ဝင်ရောက်တာဖြစ်ပါတယ်။ ရန်ကုန်မြို့ကို တစ်နှစ်ထက်တစ်နှစ် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားဧည့်သည်တွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်မှာ အလားတူ ကာလနှိုင်းယှဉ်တဲ့အခါ ၂၆ ရာခိုင်နှုန်း တိုးတက်လာတာတွေ့ရပါတယ်” လို့ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောပါတယ်။


ရန်ကုန်မြို့ဟာ ရှေးဟောင်းမြို့ပြအမွေ အနှစ်အဆောက်အဦတွေ၊ ရွှေတိဂုံနဲ့ အခြား တန်ခိုးကြီးဘုရားစေတီတွေ၊ အပန်းဖြေပန်းခြံ တွေ၊ အခြားစိတ်ဝင်စားဖွယ်ရာ နေရာမျိုးစုံ ရှိတဲ့အပြင် ဗီဇာဖြေလျှာ့မှုတွေကြောင့် ၂၀၁၉ ခုနှစ် ပထမကိုးလတာကာလမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အသုံးပြုသူ ခရီးသည်ဦးရေဟာ ၄ ဒသမ ၆ သန်းအထိ မြင့် တက်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၈ ခုနှစ် ပထမ ကိုးလတာကာလမှာ လေဆိပ်အသုံးပြုသူ ဦးရေ ၄ ဒသမ ၃၂ သန်းထက် ၆ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ Yangon Aerodrome Company(YACL)မှ ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။


ဒါဟာ ခရီးစဉ်သစ်တွေ တိုးချဲ့ပျံသန်း ပြေးဆွဲမှု၊ တရုတ်ခရီးသွားဈေးကွက်မှ ခရီးစဉ်တွေ တိုးချဲ့ပျံသန်း ပြေးဆွဲမှုများကြောင့် ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ၁၀ လပိုင်းမှ ၂၀၁၉ ခုနှစ် ၁၀ လပိုင်းအတွင်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှာ လေကြောင်းလိုင်းသစ် သုံးလိုင်းနဲ့ ခရီးစဉ်သစ် နှစ်ခုတို့ တိုးချဲ့ပြေးဆွဲနေပါတယ်။ ဒါကြောင့်လည်း ၂၀၁၉ ခုနှစ် အောက်တိုဘာအထိ နိုင်ငံတကာလေကြောင်း လိုင်း ၃၅ ခုမှ အာရှဒေသအတွင်း နိုင်ငံပေါင်း ၁၂ နိုင်ငံနဲ့ အရှေ့အလယ်ပိုင်းဒေသတွင်း နိုင်ငံနှစ်နိုင်ငံတို့ရဲ့ မြို့ပေါင်း ၃၃ မြို့ကို ချိတ်ဆက် ပျံသန်းနေပါတယ်။
ဂျပန်၊ ထိုင်း၊ တရုတ်နိုင်ငံတို့မှ ရန်ကုန် လေဆိပ်အသုံးပြု နိုင်ငံတကာခရီးသည်ပမာဏ မြင့်တက်လာခြင်းရဲ့ အဓိကနိုင်ငံတွေ ဖြစ်ပါတယ်။


သတင်းအချက်အလက် အလွယ်ရနိုင်အောင်


“ရန်ကုန်မြို့ကို ခရီးသွားလုပ်ငန်းအတွက် ပိုပြီးအဆင်သင့်ဖြစ်စေမယ့် အခြေခံအဆောက်အအုံ မြှင့်တင်မှုတွေလုပ်ရမယ်။ မြို့ထဲမှာ လမ်းလျှောက်သွားလာမှု လွယ်ကူစေမယ့် စင်္ကြံတွေရှိရမယ်။ လိုအပ်တဲ့ သတင်းအချက်အလက်ကို အလွယ်တကူရနိုင်အောင် အနေအထားမျိုးတွေ လုပ်ပေးဖို့ရှိတယ်။ ခရီးသွားရာသီဆိုရင် တစ်နေ့ကို ခရီးသွားဦးရေ သောင်းနဲ့ချီလာပြီး လည်ပတ်ကြတယ်။ ဒါကြောင့် စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေကို ရန်ကုန်မြို့လယ်မှာ အရင်ကထက် ရာခိုင်နှုန်းများစွာ တိုးတက်လာပါတယ်” ဟု ဦးသူရိန်အောင်(စီမံချက်အရာရှိ၊ သုတေသနနှင့် အသိပညာဖလှယ်ရေး၊ ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့)က ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးမှာ ဟိုတယ်တွေနဲ့ အဆင့်မြင့်တည်းခိုခန်းတွေရဲ့ အခန်းကဏ္ဍဟာလည်း အခြေခံကျပြီး အရေးပါနေတာဖြစ်ပါတယ်။ ရန်ကုန်မြို့ဟာ ၂၀၁၉ ခုနှစ်အကုန်မှာ အဆင့်မြင့်ဟိုတယ် အခန်းပေါင်း ၅၇၀၀ ခန့် ရှိလာမယ်လို့ ခန့်မှန်းထားပြီး ၂၀၂၁ ခုနှစ်ကုန်ချိန်မှာတော့ အဆင့် မြင့်ဟိုတယ်ခန်း ၇၀၀၀ ခန့် ရှိလာမယ်လို့ ကနေဒါအခြေစိုက် အိမ်ခြံမြေဝန်ဆောင်မှုနှင့် အကြံပေးလုပ်ငန်း (မြန်မာ) ရဲ့ ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ် ဈေးကွက်သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။


“ခရီးသွားလုပ်ငန်းတိုးတက်လာဖို့ဆိုရင် ကျွန်တော်တို့ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ ဟိုတယ်ပေါင်း ၄၄၇ လုံးကို ဝန်ဆောင်မှုတွေ စနစ်တကျ ကောင်းဖို့အတွက် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်နေပါတယ်။ ဟိုတယ်ဧည့်စာရင်းကိစ္စတွေ လုံခြုံစနစ်တကျဖြစ်ဖို့အတွက် စီမံထိန်းသိမ်းမှုစနစ်အဖြစ် အွန်လိုင်းကနေပြီး ဧည့်စာရင်းတွေ ရယူပါတယ်။ ခရီးသွားကုမ္ပဏီပေါင်း ၃၀၀၀ လောက် ရှိတဲ့အတွက် အဲဒီခရီးသွားကုမ္ပဏီတွေရဲ့ ပြည်တွင်းပြည်ပ ဝန်ဆောင်မှုလုပ်ငန်းတွေကို ကျွန်တော်တို့ စနစ်တကျ ကွပ်ကဲလျက်ရှိပါတယ်။ ဧည့်လမ်းညွှန်တွေ ထောင်ချီပြီးရှိနေတဲ့အတွက် စနစ်တကျဖြစ်အောင် စိစစ် ထိန်းသိမ်းနေပါတယ်” လို့ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောပါတယ်။


ရန်ကုန်မြို့မှာ ခရီးသွားတွေကို အဓိက ဆွဲဆောင်နိုင်တဲ့ အထင်ကရ အမွေအနှစ်ပေါင်း ၁၈၉ ခုရှိနေပြီး စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်မှု ပြုလုပ်နေပါတယ်။ ရန်ကုန်မြို့ပြ အမွေအနှစ် အထိမ်းအမှတ်အဖြစ် အပြာရောင် ကမ္ပည်းပြားတပ်ဆင်ထားတဲ့ အဆောက်အအုံ ပေါင်းဟာ အခုအချိန်အထိ ၃၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။ ဒါတွေဟာ ရန်ကုန်မြို့အတွက်‌ တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရန်ကုန်မြို့ကို တစ်နှစ်တစ်နှစ် ဝင်ရောက်ခဲ့တဲ့ ဧည့်သည်တွေ ကျွန်တော်တို့ နှိုင်းယှဉ်ကြည့်ရင် ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ အလားတူကာလမှာ ၂၆ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

 

ရှေးဟောင်းအဆောက်အအုံ


“ရွှေတိဂုံစေတီကတော့ မဖြစ်မနေ လည်ပတ်ရမယ့်နေရာဖြစ်ပါတယ်။ ဘုရားတိုင်းတော့ သူတို့စိတ်ဝင်စား လေ့လာမှုမရှိပါဘူး။ ခရီးသွားတွေဟာ အများအားဖြင့် ရွှေတိဂုံနဲ့ ခြောက်ထပ်ကြီးဘုရားတွေ လိုက်ပြတယ်။ ရန်ကုန်မြို့ရဲ့ လူနေမှုပုံစံကိုကြည့်မယ်၊ လေ့လာကြတယ်၊ လမ်းကို ဖြည်းဖြည်းလျှောက်ကာ လေ့လာနိုင်ဖို့ လမ်းလျှောက်လေ့လာခရီးစဉ်တွေ၊ ဆူးလေဘုရားဝန်းကျင် မြို့လယ် ဧရိယာမှာ ရှေးဟောင်းအဆောက်အအုံတွေ လေ့လာနိုင်အောင် စီစဉ်ထားတာရှိတယ်။ လူနေမှုစနစ်ကို သိချင်တယ်ဆိုရင်လည်း မြို့ပတ်ရထားစီးနိုင်အောင်လည်း ဆောင်ရွက်ပေးထားပါတယ်” လို့ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း ဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းက ပြောပါတယ်။


ပိုမိုလာရောက်လေ့လာကြည့်ရှု


ရန်ကုန်မြို့ကို နိုင်ငံတကာမှ ခရီးသွားဧည့်သည်တွေ ဝင်ရောက်မှုများပြားလာခြင်းဟာ နိုင်ငံတကာရဲ့ မြန်မာနိုင်ငံအပေါ် သတင်းအမှားတွေကို ချေဖျက်ရာမှာ အထောက်အကူ အများကြီးပြုနိုင်ပါတယ်။ ဒီလို ရန်ကုန်မြို့အကြောင်း၊ မြန်မာ့လူနေမှုနဲ့ မြို့ပြအမွေအနှစ်တွေ၊ ယဉ်ကျေးမှုနဲ့ ဘာသာရေးဆိုင်ရာ စေတီပုထိုးတွေကို ပိုမိုလာရောက်လေ့လာကြည့်ရှု နိုင်အောင်၊ ခရီးသွားဧည့်သည် ပိုမိုလာရောက်နိုင်အောင် ကြိုးစားကြရဦးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့နီးတဲ့ စင်ကာပူနိုင်ငံဆိုရင် တစ်နှစ်ကို ခရီးသွားဧည့်သည် ၁၈ သန်းနဲ့ သန်း ၂၀ လောက် ဝင်ရောက် လည်ပတ်ကြသလို ထိုင်းနိုင်ငံဆိုရင်လည်း တစ်နှစ်ကို ခရီးသွား ၃၈ သန်းလောက်အထိ ဝင်ရောက်လည်ပတ်နေပါတယ်။ မြန်မာနိုင်ငံမှာ တစ်နှစ်ကို ခရီးသွားဧည့်သည် သုံးသန်းကျော်လောက်ပဲ ရောက်ရှိနေသေးတာမို့ ဒီလုပ်ငန်းနဲ့ ဆက်စပ်နေသူတွေ၊ ဌာနဆိုင်ရာ တွေနဲ့ တစ်ဦးချင်းစီ ပူးပေါင်းဆောင်ရွက်ဖို့ လိုနေပါတယ်။


ရွှေတိဂုံစေတီကို လာရောက်လေ့လာနေတဲ့ အီတလီနိုင်ငံ ရောမမြို့က Ms. Greta ကို မေးကြည့်တဲ့အခါ “အခုလို လာရောက်တာက ဝေးကွာနေတဲ့ ကမ္ဘာကြီးရဲ့ တစ်ဖက်ခြမ်းက ထူးခြားတဲ့ အတွေ့အကြုံတွေ၊ ယဉ်ကျေးမှုတွေကို လေ့လာချင်လို့ပါ။ ဒီနေ့မြန်မာနိုင်ငံကို ရောက်တာ ပထမဆုံးနေ့ပါပဲ။ လူတွေက ဖော်ရွေပြီး လုံခြုံစိတ်ချရတာကြောင့် သွားလာရတာ အဆင်ပြေကောင်းမွန်တဲ့ မြို့ကြီး တစ်မြို့ပါပဲ။ မနက်ဖြန်မှာ ရှမ်းပြည်နယ်ကို သွားမှာပါ။ အဲဒီမှာလည်း ဒီထက်ပိုပြီး ကောင်းမွန်တဲ့ ခံစားချက်တွေ ရရှိမယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။


အခုဆိုရင် ရန်ကုန်မြို့မှာ အထပ်မြင့် ဟိုတယ်အဆောက်အအုံတွေ၊ ရှေးမူမပျက် ဗိသုကာလက်ရာတွေနဲ့ ကိုလိုနီခေတ် အဆောက်အအုံတွေ၊ အဆင့်မြှင့်တင်ထားတဲ့ ပန်းခြံတွေ၊ ကမ်းနားလမ်း ညဈေးနဲ့ Yangon Weekend Market လို နေရာတွေ၊ နောက်ဖေး လမ်းကြားဥယျာဉ်တွေ၊ အနားယူအပန်းဖြေနိုင်တဲ့ ပြည်သူ့ဧရိယာတွေ၊ မြို့နေလူထုရဲ့ လူနေမှုဘဝတွေနဲ့အတူ အခြားစိတ်ဝင်စားဖို့ကောင်းတဲ့ နေရာတွေ အများအပြားရှိနေပါတယ်။


ရန်ကုန်မြို့ပုံရိပ်ကို မြှင့်တင်


မြန်မာနိုင်ငံတစ်နိုင်ငံလုံးရော၊ ရန်ကုန်မြို့အတွက်ပါ ခရီးသွားလုပ်ငန်း အခုထက်ပိုမို တိုးတက်ဖွံ့ဖြိုးအောင် ကြိုးစားနိုင်ရင်တော့ နိုင်ငံရဲ့ စီးပွားရေးအတွက်သာမကဘဲ ပြည်သူတွေ၊ လူငယ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အတွက်ပါ အလုပ်အကိုင်အခွင့်အလမ်းတွေ အမြောက်အမြား ထွက်ပေါ်လာမှာဖြစ်လို့ အဓိကဝင်ပေါက်တစ်ခုဖြစ်တဲ့ ရန်ကုန်မြို့ပုံရိပ် ကို မြှင့်တင်နိုင်ဖို့ အားလုံးကြိုးစားကြရမှာပဲ ဖြစ်ပါတယ်။ ။

 

မြန်မာ့အလင်း