ရန်ကုန်မြို့နှင့်အနီးဆုံးမှာရှိသည့် အပန်းလည်းပြေ၊ ဘုရားလည်းဖူးနိုင်မည့် ပန်းတစ်ပွင့်တောင်ခရီးစဉ်

မော်ကျွန်း-မြင့်အောင်

 

တိတ်ဆိတ်၍ သဘာဝအလှအပများကို ခံစားနိုင်မည့်နေရာ၊ ရန်ကုန်မြို့နှင့် မဝေးလှသည့် မှော်ဘီအတွင်း ပန်းတစ်ပွင့်တောင် ခရီးစဉ်သည် လာရောက်သည့် ခရီးသည်များအား မပြန်ချင်အောင်၊ ထပ်မံ၍ လာရောက်လည်ပတ်ချင်လာအောင် ဆွဲဆောင်လျက်ရှိသည်။ ။

 

ပန်းတစ်ပွင့်တောင်…

 

တကူးတက သွားလာရသည့် ခရီးစဉ်ဖြစ်သော်လည်း ယခင်ကထက် သွားရလာရ ပိုမိုလွယ်ကူလာခဲ့ပြီ ဖြစ်သည်။ ဝါးနက်ချောင်းရွာ၊ ဖူးကြီးဆည်လမ်းဆုံ စတဲ့အေးချမ်းပြီး သဘာဝစိုက်ခင်းတွေ လမ်းဘေး ဝဲယာမှာ ရှိနေတဲ့လမ်းတွေဟာ ယခင်ကလို အစအဆုံး မြေနီလမ်းများ မဟုတ်တော့ဘဲ လာရောက်လည်ပတ်ကြသူများ၏ စုပေါင်းထည့်ဝင်မှု၊ ဒေသ၏ ဆောင်ရွက်မှုများဖြင့် ကွန်ကရစ်လမ်းများ ဖြစ်လာခဲ့ပြီ။ စာရေးသူ၏ ညီမိသားစုက ဘုရားဖူးခရီးစဉ်တစ်ခုအဖြစ် ပန်းတစ်ပွင့်တောင်သို့ ကုသိုလ်ပြု ခေါ်ဆောင်မှုကြောင့် စာရေးသူတို့၏ ပန်းတစ်ပွင့်တောင်ခရီးစဉ်သည် ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမှသည် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နှင့် မလှမ်းမကမ်းမှ ပန်းတစ်ပွင့်တောင်သို့ မတ်လ ၄ ရက် က ရောက်ရှိခွင့် ရခဲ့သည်။

 

နံနက် ၄နာရီခွဲခန့် မော်လမြိုင်ကျွန်းက စတင်ခဲ့သည့် ပန်းတစ်ပွင့် တောင်ခရီးစဉ်အသွား မအူပင်မြို့၏ နံနက် ၆နာရီမြင်ကွင်းတို့သည်လည်းကောင်း၊ လှုပ်လှုပ်ရှားရှား နိုးထလျက်ရှိသည့် ရန်ကုန်မြို့၏ နံနက် ၈ နာရီ လှုပ်ရှားမှုတို့သည်လည်းကောင်း၊ သစ်ရိပ်ဝါးရိပ်များ၊ သီးနှံစုံစိုက်ခင်းများနှင့် မှော်ဘီမြို့၏ နံနက် ၁၀ နာရီ မြင်ကွင်းတို့ကိုလည်းကောင်း တွေ့မြင်ခဲ့ရသည်။ ကွန်ကရစ်လမ်းများကို တောင်ခြေအထိ စနစ်တကျ ခင်းကျင်းထားသည်။ တောင်ထိပ်သို့ လှမ်းမျှော်ကြည့်ပါက စေတီ၊ နဂါးရုံဘုရားအပါအဝင် ပန်းတစ်ပွင့်တောင်ဆိုင်ရာသာသနိကအဆောက်အအုံများကို မြင်တွေ့ရသည်။

 

အသက်ကြီးသူမို့ နောက်ဆုံးကပန်းဝင်

 

ငယ်ရွယ်သူတို့ကား စောင်းတန်း လှေကားတစ်လျှောက်သည် တစ်ဦးနှင့်တစ်ဦး ရယ်မောပျော်ရွှင်စွာ လှမ်းတက်ရာဖြစ်ပုံရသည်။ စာရေးသူတို့မှာမူ စိတ်ကသာလန်းသော်လည်း လူကမူ ပါဝင်သည့် အဖွဲ့အနက် အသက်အကြီးဆုံးမို့ နောက်ဆုံးမှ တောင်ပေါ်အရောက် ပန်းဝင်တော့သည်။ ဆယ်မိနစ်ဝန်းကျင် တက်ခဲ့ရသည့် တောင်ပို့ဝေးသည်လည်းမဆိုသာ၊ နီးသည်လည်း မဆိုနိုင်။ သို့သော် မြင့်မားသည့် တောင်တန်းများမရှိသော မြေပြန့်နေသူများအတွက်တော့အပန်းလည်းပြေ၊ ကုသိုလ်လည်းရ၊ တက်ရသည်လည်း သိပ်မပင်ပန်းဘဲ အဆင်သင့်လှသည်။ ပန်းတစ်ပွင့်တောင်နယ်မြေတွင် တောင်သုံးတောင်ရှိပြီး တစ်တောင်နှင့်တစ်တောင်ဆက်သည့် လမ်းများသည်လည်း သာယာလှသည်။

 

အေးချမ်းလှသည့် တောင်ပေါ်တွင်တော့ မြို့ပြ၏ အငွေ့အသက်များကင်းလွတ်ရာ သဘာဝတရားကို ခံစားရရှိနိုင်မည်ဖြစ်သည်။တောင်ပေါ်မှတစ်ဆင့် ရန်ကုန်မြို့ကို ရေပေးဝေနေသည့် ဖူးကြီး ရေလှော်ကန်၏ ကန်ရေပြင်ကို လှမ်း၍မြင်ရသည်။ အရပ်လေးမျက်နှာ မြင်ကွင်းများသည် စိမ်းစိုလှပသည့် တောင်စွယ်များ၊ စိုက်ခင်းများနှင့်သာ တောင်ပေါ်၌ စေတီငယ်အများအပြားကိုလည်း တစ်ဝကြီး ဖူးမြော်ရသည်။ လေနုအေးနှင့် စေတီများထံမှ ဆည်းလည်းသံတို့ကြောင့်လည်း စိတ်နှလုံးအေးချမ်းခြင်း၊ ကြည်နူးခြင်းတို့ကြောင့်ပင် စာရေးသူ အပါအဝင် လာရောက်ကြသူများအားလုံး အပြုံးကိုယ်စီဖြင့် အနားယူကြသည်။ အချို့က အတွင်းပတ်လမ်းတွင် အဓိဋ္ဌာန်၊ ပုတီးစိပ်၊ ဆုတောင်းနေကြသူများကိုလည်း မြင်တွေ့ရသည်။ ယုံကြည်မှုအရ ပန်းတစ်ပွင့်တောင်စေတီတော်ကို အဓိဋ္ဌာန်ဆုတောင်း၍ လက်ယာရစ် လှည့်ပတ် ပူဇော်နေကြသူများလည်း ရှိသည်။

 

မြို့ပြအငွေ့အသက်တို့နှင့်ဝေးရာ

 

အတက်ခရီးပင်ပန်းသလောက် တောင်အဆင်းတွင် သက်သောင့် သက်သာရှိလှသည်။ တောင်ခြေ၌ သဘာဝအော်ဂဲနစ် သီးနှံမျိုးစုံအရောင်းဆိုင်ကလေးများက ဆီးကြိုလျက်ရှိသည်။ ထူးခြားသည်မှာ ပန်းတစ်ပွင့်တောင်သည် သက်သတ်လွတ်ဒေသဖြစ်၍ စားသောက်ဆိုင်များတွင် သက်သတ်လွတ် ဟင်းလျာများသာ စားသုံးခွင့်ရမည်ဖြစ်သည်။ ဒေသထွက် ကျွဲကော၊ ဖရဲ၊ ငှက်ပျော၊ ခရမ်းသီး၊ ဘူးသီးစသည့် သီးနှံများကို ပန်းတစ်ပွင့်တောင် အဆင်းတွင် ဝယ်ယူသွားကြသည်ကို မြင်တွေ့ရသည်။ စာရေးသူစိတ်ဝယ် ထိုနေရာမှ မပြန်ချင်၊ အေးချမ်းသည့်အရပ်မို့ မပြန်လိုသော်လည်း အပြန်လမ်းခရီး ဖင့်မည်စိုး၍ ပြန်ခဲ့ရသည်။ နောက်ထပ်တစ်ဖန်ထပ်၍ သွားလိုလှသည်။

 

ရန်ကုန်မြို့နှင့်မလှမ်းမကမ်းက မြို့ပြအငွေ့အသက်တို့နှင့်ဝေးရာ ပန်းတစ်ပွင့်တောင်သို့ လာရောက် လည်ပတ်ရင်း ဘုရားဖူး၊ အပန်းဖြေ ခရီးစဉ်အဖြစ် ရွေးချယ်သွားရောက်သင့်ပါကြောင်း စေတနာကောင်းဖြင့် ရေးသားတင်ပြလိုက်ရပါသည်။ ။