ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ် အပါအဝင် နေရာအနှံ့အပြား၌ ရေလောင်းရေပက်ခံ သူများဖြင့် စည်ကားလျက်ရှိ

ရန်ကုန် ဧပြီ ၁၅

 

ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် ရန်ကုန်မြို့ နေရာအနှံ့အပြား၌ ယနေ့ မဟာသင်္ကြန် (အကျနေ့)  နံနက်ပိုင်းမှစတင်ကာ  ရေလောင်းရေပက်ခံသူများဖြင့် စည်ကားလျက်ရှိသည်။

 

ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်တွင်လည်း နံနက်ပိုင်း၊ ညနေပိုင်းနှင့် ညပိုင်းတို့တွင် ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များနှင့် ယိမ်းအဖွဲ့များကလည်း လာရောက် သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြသည်။

 

ရန်ကုန်မြို့တော် မဟာသင်္ကြန် မဏ္ဍပ်အနီးရှိ မဟာဗန္ဓုလပန်းခြံဘေး လမ်းလျှောက် သင်္ကြန်တွင်လည်း ဖျော်ဖြေရေးမဏ္ဍပ်၊ စတုဒီတာမဏ္ဍပ်၊ ရေလောင်းရေပက်ရန် လောင်းလှေများ စီစဉ်ထားပြီး ရေလောင်းရေပက်သူများ၊ ရေပက်ခံလာသူများဖြင့် စည်းကားလျက်ရှိသည့်အပြင် ခရိုင်၊ မြို့နယ်တို့ရှိ ရေကစားမဏ္ဍပ်များတွင်လည်း မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ဆင်နွဲကြကြောင်းသိရသည်။

 

ထို့ပြင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် တန်ခိုးကြီး ဘုရားများတွင်လည်း ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိပြီး အလှူရှင်များကလည်း သီးစုံသက်သက်လွတ် ဒံပေါက်၊ ရွှေရင်အေးနှင့် သောက်ရေသန့်ဗူးတို့ကို အာဟာရဒါန ပေးအပ်လှူဒါန်းကြသည်။

 

ကိုသိုက်