ရန်ကုန်မြို့တော်ဝန် မြို့တော်သန့်ရှင်းသာယာရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဇန်နဝါရီ ၂၈

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မင်းဓမ္မကုန်းတော်နောက်လမ်း (ဇင်ဇီယာလမ်း) ကွန်ကရစ်လမ်းခင်းကျင်းပြီးစီးမှု၊ မင်းဓမ္မလမ်းမှ ဇင်ဇီယာလမ်းအဝင် မြေယာရှုခင်း ပြုပြင်ပြီးစီးမှု၊ ယာဉ်ကြောပြမျဉ်း ဆေးရေးဆွဲထားမှု၊ လမ်းပုခုံးသားများပြုလုပ်ပြီး  လမ်းဘေးဝဲယာ မြေညှိထားမှု၊ လမ်းတစ်လျှောက် အုပ်မိုးကိုင်းများ ရှင်းလင်း၍ အလင်းဖွင့်ထားမှု၊ သန့်ရှင်းသာယာသပ်ရပ်ရေး နှင့်ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်းစိန်မြို့နယ် သီရိမင်္ဂလာလမ်းရှိ မြို့တော်ဂေါက်ကွင်းသို့ ရောက်ရှိကြပြီး (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် မြန်မာနိုင်ငံဂေါက်သီးရိုက် အဖွဲ့ချုပ်မှ  ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်‌ဂေါက်သီးရိုက်ပြိုင်ပွဲ အကြိုပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် မြို့တော်ဝန်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ကျင်းပသည့် တောင်ကိုရီးယားနိုင်ငံ ILDONG FOODIS Co.,Ltd နှင့် SUNSHINE YANGON Co.,Ltd တို့မှ လှူဒါန်းသော (အသက် ၁ နှစ်မှ ၂ နှစ်အထိ ကလေးငယ်များ သောက်သုံးရန်) ကလေးနို့မှုန့်ဗူးများ လှူဒါန်းပွဲသို့ တက်ရောက် ပြီး ကျေးဇူးတင်စကားပြော ကြားကာ အမေရိကန်ဒေါ်လာ ၂၆၆,၄၅၄ တန်ဖိုးရှိ နို့မှုန့်ဗူး ၂၃၅၈၀ ကို လက်ခံရယူသည်။

 

ထို့နောက် မြို့တော်ဝန်သည် မြို့တော်ခန်းမ၌ ဖွင့်လှစ်သည့် e-Government Applied Training သင်တန်း အမှတ်စဉ် (၁၂) သင်တန်းပို့ချနေမှုကို ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းသင်တန်းသားများနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။

(သတင်းစဉ်)