ရန်ကုန်မြို့တော်ဝန် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


ရန်ကုန်  ဇွန် ၂၂
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသည့် ခုနှစ်ပင်လိမ်ချောင်းနှင့် တောင်ဥက္ကလာပမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသည့် ကျိုက္ကဆံချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် မြို့တော်ဝန်က ခုနှစ်ပင်လိမ်ချောင်းသို့ စီးဝင်သည့် Pipe Culvert အတွင်း အမှိုက်များရှင်းလင်းရန်၊ အဖီအဆွယ် ကျူးကျော်ဆောက်လုပ်ထားမှုများ ဖျက်သိမ်းရှင်းလင်းရန်၊ အမှိုက်များ စနစ်တကျစွန့်ပစ်ရန်၊ ချောင်းကျဉ်းနေရာများ ပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းရန်၊ လျှစ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် အန္တရာယ်ရှိ သစ်ကိုင်းသစ်ခက်များ ရှင်းလင်းရန် မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်