ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး လှိုင်သာယာမြို့နယ်များဖွံ့ဖြိုးရေး ကြည့်ရှုစစ်ဆေး

ရန်ကုန် ဖေဖော်ဝါရီ ၂၈

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် သက်ဆိုင်ရာဌာနမှူးများနှင့် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ ၁၀ ရပ်ကွက်၊ ပါရမီလမ်း၊ ခုပ်ဖူစားသောက်ဆိုင်ရှေ့ အင်းလျားကန်ရေဝင်ပေါက် ရေစစ်ကန်ရေမြောင်းသို့ သွားရောက်၍ ရေစစ်ကန်အတွင်းရှိ အနယ်များနှင့် ရေမြောင်းအတွင်းရှိ မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ ရေစစ်ကန်နှင့် ရေမြောင်း ဝဲ/ယာ မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ကစင်ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းရှိ စူလတန်ချောင်း တံတားသို့သွားရောက်၍  ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်ထားရှိမှု၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်းလမ်းနှင့် တပင်ရွှေထီးလမ်းဆုံ၊ ရန်ကုန်-ညောင်တုန်းလမ်း ရေစုကန် ရေမြောင်းနှင့် တပင်ရွှေထီးလမ်း ရေမြောင်းများ ‌ရေစီးရေလာအခြေအနေ၊ ထန်းတပင်မြို့နယ်၊ ရွှေပြည်သာ တံတားလမ်းနှင့် အနော်ရထာလမ်းဆုံ အဝိုင်းမှ ပေါက်တန်းရွာအထိ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်အ‌ဝင်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ထန်းတပင်မြို့နယ်၊ ရေတွင်း ကုန်းကျေးရွာအေးချမ်းသာ (၂)ရပ်ကွက်၊ စည်ပင်သာယာ ဆည်မြောင်းချောင်းနှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် နောက်ဘက်ရေမြောင်း ရေစီးရေလာကောင်းမွန်စေရန် မြောင်း ပြန်လည်တူးဖော်ဆယ်ယူရှင်းလင်းထားမှု၊  ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ဝင်းအတွင်း ပင်မ(၄) ထပ်ဆောင်ရှေ့ ရေကန်မြေထိန်းနံရံတည်ဆောက်နေမှု၊ ရေကန်ပတ်လည် မြေယာရှုခင်းဆောင်ရွက်နိုင်ရန်အတွက် မြေပြုပြင်နေမှုနှင့် ယိုးဒယားဘဲစား မြက်စိုက်ပျိုးထားရှိမှ ကန်ရေဖြည့်သွင်းနိုင်ရန်နှင့် အလှဆင်ရေပန်း သုံးခု မောင်းနှင်ရန် လျှပ်စစ်ဓာတ်အား ၄၆ ကီလိုဝပ် ထုတ်လုပ်နိုင်သည့် ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၁) နှင့် (၂) ရပ်ကွက်အကြား တပင်ရွှေထီးလမ်းရှိ စူလတန်ချောင်း ရေစီး‌ရေလာ ကောင်းမွန်စေရန် ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်