ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရန်ကုန် မေ ၂၈

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွှန့်ဖေ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ စုပေါင်းရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သစ်ယာပင်လမ်းထောင့်သို့ သွား‌ရောက်၍ သစ်ယာပင်လမ်း၏ တောင်ဘက်တွင် ရေစုကန်ရေမြောင်း မြေထိန်းနံရံများ တည်ဆောက်ပြီးစီးမှုနှင့် ရေမြောင်းဘောင်ပေါ်တွင် သစ်ပင်များ စိုက်ပျိုးထားရှိမှု မြေယာရှုခင်းဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ မြို့တော်ဝန်နှင့် အဖွဲ့သည် သာကေတမြို့နယ်၊ ၇/အရှေ့ရပ်ကွက်၊ ဧရာဝဏ်လမ်းတွင် အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ ပိတောက်ရွှေဝါလမ်းနှင့် သာကေတအဝိုင်းအကြား လမ်းသားတိုးချဲ့ ကွန်ကရစ်ခင်းကျင်းပြီးစီးမှု၊ ယာဉ်ရပ်နားရန်နေရာ တည်ဆောက်ပြီးစီးမှုနှင့် အုတ်ရေမြောင်းတည်ဆောက်နေမှု တို့ကိုကြည့်ရှုစစ်ဆေးပြီး လမ်းနှင့် ရေမြောင်အကြား အားမြေညှိပြုပြင်၍ မြေယာရှုခင်းဆောင်ရွက်၍ မြက်စိုက်ရန်၊ Poulownia ပင်များစိုက်ပျိုးရန်၊ မီးကြိုးနှင့်မလွတ်ကင်းသည့် သစ်ကိုင်းများ ဖြတ်ညှိပုံသွင်းရန်တို့ကို မှာကြားပြီး ဧရာဝဏ်ရေပေးဝေရေးစခန်း (၂)အတွင်း မြေအောက်ရေစုကန် တည်ဆောက်နေမှုလုပ်ငန်းကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်း‌ဆောင်ရွက်ပေးသည်။

 

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့် အဖွဲ့သည် သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက် သန်လျင်တံတား ချဉ်းကပ်လမ်းအား (သန်လျင်တံတားအဆင်းမှ ဧရာဝဏ်အဝိုင်းအထိ) ကွန်ကရစ်လမ်းသား တိုးချဲ့ခင်းကျင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးရေး ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း‌ဆောင်ရွက်ပေးသည်။

 

သတင်းစဉ်