ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှုကာကွယ်ရေး ဒုတိယမြို့တော်ဝန် ဦးညီညီ ကွင်းဆင်းစစ်ဆေး

ရန်ကုန် မေ ၁၃

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တွင်း မိုးသည်းထန်စွာရွာသွန်းချိန် ရေကြီးရေလျှံမှု ဖြစ်လေ့ရှိသည့် စမ်းချောင်း၊ ဗဟန်း၊ ရန်ကင်း၊ တောင်ဥက္ကလာပနှင့် တာမွေမြို့နယ်များအတွင်း ရေစီးရေလာ ကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဦးစွာ ဒုတိယမြို့တော်ဝန်နှင့် အဖွဲ့သည် စမ်းချောင်းမြို့နယ်၊ ပြည်လမ်းနှင့် ဗားကရာလမ်းထောင့် ဒဂုံစင်တာဘေးရှိ ရေနုတ်မြောင်း ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး စမ်းချောင်းလမ်း၊ ပဒေသာလမ်း၊ ဓမ္မာရုံလမ်းနှင့် ချမ်းသာလမ်းများရှိ လမ်း‌ဘေးရေနုတ်မြောင်းများပါ တစ်ပါတည်း ရှင်းလင်းဆောင်ရွက်ရန် မှာကြားသည်။

 

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ဗဟန်းမြို့နယ်၊ ဆရာစံတောင် ရပ်ကွက်၊ ဆရာစံလမ်းနှင့် အနောက်မြင်းပြိုင်ကွင်းလမ်းထောင့်ရှိ ရေနုတ်မြောင်း၊ ရန်ကင်းမြို့နယ်၊ ၁၆ ရပ်ကွက်၊ မိုးကောင်းလမ်းနှင့် ပြည်သာယာလမ်း‌ထောင့်ရှိ ခုနှစ်ပင် လိမ်ချောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ၄ ရပ်ကွက်၊ ဟိရီလမ်းနှင့် ဗြဟ္မစိုရ်လမ်းကြားရှိ ဝေဇယန္တာလမ်းအရှေ့ဘက်ခြမ်း ရေနုတ်မြောင်းနှင့် တာမွေမြို့နယ်၊ တာမွေကြီး (က+ဂ) ရပ်ကွက်၊ ၁၅၅ လမ်းရှိ လမ်းဘေးရေနုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဒုတိယမြို့တော်ဝန်က လုပ်ငန်းများဆောင်ရွက်ရာမှ ထွက်ရှိလာသည့် အမှိုက်၊ သဲ၊ ခဲနှင့် မြောင်းချေးများအား တစ်ပါတည်း ရှင်းလင်းဆောင်ရွက်သွားရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်း-မိုးဝေ
ဓာတ်ပုံ-မိုးမြင့်မောင်