ရန်ကုန်နဲ့ အနီးဆုံးတိုက်ကြီးနားက သဘာ၀ ဆင်စခန်းဆီ... အလည်သွားကြမယ်

Thiha, the Traveller @ သီဟလုလင်

 

ဆင်တွေရဲ့ သဘာဝကိုအနီးကပ်လေ့လာရင်းဆင်ဦးစီးတွေရဲ့ ဘဝကို လက်တွေ့သိမြင်ဖို့ WWF-Myanmar (World Wide Fund for Nature)ရဲ့ အစီအစဉ်နဲ့ ဒိန်းမတ်နိုင်ငံက အမျိုးသမီး Travel Blogger Laura ရယ်၊ အမျိုးသား Lifestyle Blogger Mathias နဲ့ မြန်မာနိုင်ငံက ကျွန်တော်တို့တစ်တွေ မြိုင်ဟေဝန်ဆိုတဲ့ ဆင်စခန်းတစ်ခုကို ရောက်ဖြစ်ခဲ့ကြပါတယ်။ ဆင်စခန်းမှာ တစ်ညတာ အိပ်စက်ရင်းပြန်ခါနီးမှ ဒီဆင်စခန်းဟာ သဘာဝကိုလေ့လာလိုသူတွေ အလည်အပတ် လာရောက်ဖို့အတွက်လည်း ဖွင့်လှစ်ထားတဲ့ ဆင်စခန်းတစ်ခုမှန်း သိခဲ့ရတာမို့ ဆင်တွေရဲ့သဘာဝကို လေ့လာရင်း အလည်သွားရောက်လည်ပတ်လို သူတွေအတွက် ပြန်ပြီးဝေမျှပေးလိုက်ရပါတယ်။ ရန်ကုန်နဲ့ နီးနီးနားနား တိုက်ကြီးမှာရှိတဲ့ ဆင်စခန်းတစ်ခုပါ။


အထူးခြားဆုံးက တောဆင်ရိုင်းဖမ်းတာကိုလေ့လာနိုင်တာပါ

မြိုင်ဟေဝန် ဆင်စခန်းရဲ့ ထူးခြားချက်တစ်ခုက သူ့ရဲ့ တည်နေရာကိုက ပဲခူးရိုးမနားနီးနေတာကြောင့် အနီးဝန်းကျင်ကရွာတွေနဲ့ စိုက်ခင်းတွေဆီ အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ ဆင်ရိုင်းတွေရဲ့ရန်က လက်တွေ့ အကာအကွယ်ပေးနေရတာဖြစ်လို့ တောဆင်ရိုင်း (ဆင်အုပ်)တွေကို အခါအခွင့်သင့်ရင် စခန်းကဆင်ယဉ်တွေစီးပြီး လေ့လာနိုင်သေးတာပါ။ ဆင်တွေကို စီးတဲ့နေရာမှာလည်း ဆင်တွေကိုနာကျင်စေတယ်လို့ ယူဆရတဲ့ ခြံတွေအသုံးပြုခြင်းမရှိဘဲ သဘာဝအတိုင်း ဆင်ကျောပေါ် တက်စီးရတာမို့ ကျွန်တော်စိတ်ထဲ အတိုင်းအတာတစ်ခု စိတ်ဖြေစရာဖြစ်ရပါတယ်။ ဆင်ရိုင်းတွေကို တကယ်တမ်း သွားနှင်တာမျိုးမှာတော့ လိုက်ဖို့မသင့်ပေမယ့် ဆင်အုပ်(ဆင်အမိနဲ့ သား/သမီး) လိုမျိုးကိုတော့ တောနင်းလို့ လေ့လာနိုင်ပါတယ်။ အသံတော့ လုံရတယ်။ ကိုယ်တွေအဖွဲ့သွားတော့ ဆင်အုပ်တွေ့နေတုန်း ခါချဉ်အုံပြုတ်ကျပြီး လန့်အော်လိုက်လို့ ဆင်အုပ်ပြေးသွားတာနဲ့ ကြုံခဲ့ရတယ်။ တစ်ကောင်တည်းရှိနေတဲ့ ဆင်ရိုင်းအထီးကတော့ အန္တရာယ်ပြုနိုင်လို့ ရှောင်သင့်တယ်လို့လည်း သိရပါတယ်။


မြန်မာတွေချစ်ကြတဲ့ ဆင်

တိရစ္ဆာန်တွေထဲမှာဆင်တွေကို ကျွန်တော်တို့ မြန်မာတွေချစ်ကြတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ဆင်အပါအဝင် မျိုးသုဉ်းမယ့် အန္တရာယ် ကျရောက်နေတဲ့ တိရစ္ဆာန်လေးတွေရဲ့ မူလပင်မနေထိုင် ကျက်စားရာအရပ် ဖြစ်ပါတယ်။ သေချာသတိမထားမိဘဲ ထိန်းသိမ်းဖို့ သတိ မေ့လျော့သလိုဖြစ်နေတာလည်း ကျွန်တော်တို့ပါပဲ။ သင်းခွေချပ်ဆိုရင် လုံးဝမျိုးသုဉ်း ပျောက်ကွယ်တော့မယ့် အနေအထား ဖြစ်နေပါပြီ။ အဲဒီလို မျိုးသုဉ်းမယ့်အန္တရာယ်ရှိနေတဲ့ အထဲမှာ ဆင်ဟာလည်း ပါဝင်ပါတယ်။ အခုဆို ဆင်ကောင်ရေ ၅၀၀၀ လောက်ပဲရှိတော့မယ်လို့ စစ်တမ်းတွေအရ ခန့်မှန်းရပါတယ်။ အဲဒီအထဲက တစ်ဝက်လောက်ကတော့ ထိန်းသိမ်းရေး စခန်းတွေမှာရှိနေကြပြီး ဆင်ရိုင်းအရေအတွက်အားဖြင့် ၁၄၀၀ ကနေ ၂၀၀၀ ကြားရှိမယ်လို့ ခန့်မှန်းရပါတယ်။ အဓိကက ဆင် မုဆိုးတွေရန်ကို ဦးဆုံးသတိပြုကြရပြီး တစ်ခါလူတွေရဲ့ တိုးချဲ့လာတဲ့ စိုက်ခင်းနဲ့ အိမ်နေရာတွေကြောင့် ဆင်တွေနေထိုင် ကျက်စားတဲ့ နေရာတွေကျဉ်းမြောင်းလာလို့ လူနဲ့ဆင်တို့ ရန်ဘက်လိုဖြစ်လာကြပြီး သတ်ဖြတ်ကြတာတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် ဆင်စခန်းတွေရဲ့ အခန်းကဏ္ဍကိုလည်းခုလို အလည်သွားမှ ပိုပြီးသဘောပေါက်လာတယ်။ ဆင်တွေကို ခိုင်းစေနေတာ မျိုးထက် သဘာဝဆန်ဆန်နဲ့ ယဉ်ကျေးမွေးမြူထားပြီး ဆင်ရိုင်းတွေ ရောက်လာရင် ဆင်ယဉ်နဲ့တွဲလို့ မောင်းထုတ် ပေးလို့ ရွာနဲ့ စိုက်ခင်းကိုအကာအကွယ်ပေးတဲ့ အပိုင်းမှာပါ အရေးတကြီးပါဝင်လာတာ သတိပြုမိပါတယ်။


ဘာကြောင့် ဆင်တွေကိုသတ်ဖြတ်ကြသလဲ

ဆင်စွယ်ကြောင့်လို့ လူတိုင်းအလွယ် ဖြေကြမယ်။ ဒီနေ့ခေတ်မှာတော့ ဆင်စွယ်တစ်ခုတည်းကြောင့်တင် မကတော့ဘူး။ ဆင်ရဲ့ အရေခွံအတွက်ပါ သတ်ဖြတ်နေကြပြီမို့ ဆင်စွယ်ရှိတာ၊ မရှိတာတွေ ဆင်အတွက် မထူးတော့ဘူးဖြစ်နေပြီ။ ဆင်မုဆိုးတွေဟာ ဆင်ကျွမ်းကျင်သူတွေပဲ ဖြစ်ကြပါတယ်။ ဟိုးခေတ်အဆက်ဆက်ကတည်းက ဆင်တွေနဲ့ ရင်းနှီးကျွမ်းဝင်ကြတဲ့ အသိုင်းအဝိုင်း တစ်ခုကလာလို့ ဆင်တွေရဲ့သဘောကို နောကျေနေကြတာမို့ လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်ကြတယ်လို့ သိရပါတယ်။ ဆင်တွေကိုသတ်ပြီး အရေခွံတွေကို လေးထောင့် အရွယ်လေး လျင်လျင်မြန်မြန် လှီးဖြတ်နိုင်ကြတယ်လို့လည်း သိရပါတယ်။ ဆင်တစ်ကောင်သတ်ပြီးတာနဲ့ အရေခွံတွေလှီးဖြတ်လို့ ဆာလာအိတ်နဲ့ အလွယ်တကူ သယ်သွားနိုင်ကြတယ်။ ဒါတွေကို ဆင်စခန်းတွေ၊ သစ်တော၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းသူတွေ၊ သစ်တောရဲတွေက ပူးပေါင်းကာကွယ်ထိန်းသိမ်း နေကြရတာ ဖြစ်ပါတယ်။ ဆင်စခန်းဝန်ထမ်းတွေဟာ လက်နက်ကိုင်ဆောင်ခွင့်မရကြလို့ လက်နက်ရှိတဲ့ ဆင်မုဆိုးတွေနဲ့ ရင်ဆိုင်ရတဲ့အခါလည်း အခက်အခဲတွေ ရှိတတ်ကြတယ်ဆိုတာလေးလည်း ကြားခဲ့ရတယ်။


မြိုင်ဟေဝန် ဆင်စခန်းမှာ ညအိပ်မယ်

Facility သိပ်ကြီးပြည့်စုံမနေတာကိုကဒီစခန်းရဲ့ ဆွဲဆောင်မှုတစ်ခုလို့ ဆိုရမယ်။ တောနဲ့ နီးတယ်။ သဘာဝအဆောက်အအုံပုံစံ နဲ့ နေထိုင်တည်းခိုရပြီး အစားအသောက်ကလည်း ရွာပုံစံအခင်းအကျင်းလေးနဲ့ ဖွယ်ဖွယ်ရာရာရှိတယ်။ ဆင်လိမ္မာတွေကို သဘာဝအတိုင်း ထိန်းကျောင်းပုံတွေလည်း အနီးကပ်လေ့လာနိုင်ပြီး ဆင်ထိန်း/ဆင်ဦးစီးတွေနဲ့ စကားပြောရင်း သူတို့ဘဝ တွေကို နားထောင်ရတာအတော် သဘောကျစရာပါ။ ဆင်ထိန်း/ဆင်ဦးစီးတွေရဲ့ သူတို့ထိန်းကျောင်းရတဲ့ ဆင်တွေအပေါ် ထားတဲ့ သံယောဇဉ်တွေ၊ သူတို့ရဲ့ ဆင်ထိန်းပညာနဲ့ ဆင်ရိုင်းနှင်ပုံ အတွေ့အကြုံတွေကို တစ်ညတည်းနဲ့ ဗဟုသုတတွေ တော်တော် ရလိုက်တယ်။ နေတဲ့အိမ်လေးတွေရဲ့ မနီးမဝေးမှာပဲ တန်းလျားပုံစံ ဆင်ဦးစီး/ဆင်ထိန်းတွေရဲ့ မိသားစု လိုင်းခန်းလေးတွေရှိနေပြီး စားသောက်ဆောင်ကြီးတစ်ခုလည်း ရှိပါတယ်။ အဲဒီမှာပဲမနက်စာ၊ နေ့လယ်စာ၊ ညစာတွေ စားလို့ရတယ်။ လူတော့ သိပ်များများ အိပ်လို့မရဘူး။ အများဆုံးလူ ၁၂ ဦးစာလောက်အတွက်ပဲ အိပ်ဖို့အဆောင်က အဆင်ပြေတဲ့ အနေအထားပါ။ ဆင်ကတော့ အကောင် ၃၀ ကျော်ရှိပြီး မွေးစဆင်လေးကနေ အသက် ၆၀ နီးပါးဆင်တွေအထိ ရှိပါတယ်။

 

6+9


ဆင်ကြီး ရွှေတိုးဝင်း

အသက် ၅၆ နှစ် ရှိပြီဖြစ်တဲ့ ဆင်ကြီး ရွှေတိုးဝင်းအပါအဝင် ဆင်တွေကို မနက်ဆိုရင် ရေချပါတယ်။ ရေချိုးပေးတာပါ။ ဆင်စခန်း ကတော့ လျှိုထဲဆင်းသွားရင် ချောင်းရှိတာမို့ ချောင်းထဲမှာ ရေချိုးပေးပါတယ်။ ကျွန်တော်ပြန်မယ့်နေ့ မနက်မှာတော့ ဆင်ကြီး ရွှေတိုးဝင်းကို ရေချတာမို့ ရေလိုက်ချိုးပေးဖြစ်တယ်။ ဆင်ကိုရေချိုးပေးဖို့ ဆပ်ပြာတိုက်တဲ့အခါ ဆူးရစ်လို့ခေါ်တဲ့ အပင်တစ်မျိုး ကိုချိုးလို့ အဲဒီအပင်က အခေါက်ကို ဓားနဲ့ခွာယူပါတယ်။ အခေါက်ကို ထုချေလိုက်တဲ့အခါ ရေမြှုပ်လိုဖြစ်သွားပြီး ဆင်ကိုပွတ်တိုက်ရင် ဆပ်ပြာလို အမြှုပ်လေးတွေဖြစ်လို့ သန့်စင်ပေးနိုင်တယ်။ ဆင်ကိုရေချိုးတဲ့အခါ ရေထဲကို လှဲအိပ်ခိုင်းပြီး ဆူးရစ်ခေါက်နဲ့ပွတ်လို့ သန့်စင်ပေးရတာပါ။ ဆင်စွယ်ကိုတော့ သဲနဲ့ပဲပွတ်တိုက်ဆေး ကြောပါတယ်။ ဒီအတွေ့အကြုံကို လည်း ရနိုင်ပါသေးတယ်ဗျာ။

 

ဆင်စခန်းအနီးမှာ တခြားလုပ်ဆောင်စရာ

လဟာမငယ်အင်းဆိုတာ ရှိပါသေးတယ်။ အဲဒီမှာ ငါးမျှားအပန်းဖြေနိုင်သေးတယ်။ ပျဉ်းကတိုး စိုက်ခင်းတွေ၊ ကြံခင်းတွေကို လည်း လေ့လာနိုင်သေးတယ်။ Trekking ကတော့ အနည်းနဲ့အများ လုပ်ကိုလုပ်ရပါတယ်။ Hiking လည်း လုပ်နိုင်တယ် ဆိုပေမယ့် ကျွန်တော်တော့ သေချာမသိပါဘူး။ သရက်ခြံတွေကို အလည်သွားခဲ့သေးတယ်။ ဆင်ရိုင်းတွေက သရက်သီး မှည့်ချိန်ဆို ရောက်ရောက်လာတတ်လို့ ဆင်စခန်းကို အမြဲအကူအညီ တောင်းရတယ်ဆိုပြီး သရက်ခြံပိုင်ရှင် ဦးပြောင်ကြီးက ရှင်းပြနေသေးတယ်။ အနီးကရွာတွေကိုလည်း ဆိုင်ကယ်လေးနဲ့ သွားလေ့လာလည်ပတ်နိုင်ပါသေးတယ်။

 

ရာသီဥတု

နွေအခါတော့ ပူပါတယ်။ မိုးတွင်းတော့ သွားလာရနည်းနည်းခက်ခဲတယ်။ မြေလမ်းတွေဖြစ်လို့ သွားလာရခက်ခဲနိုင်တယ်။ ဆောင်းတွင်းကတော့ သွားလို့အကောင်းဆုံးပါ။ ရာသီဥတုကလည်း အေးအေးစိမ့်စိမ့်လေးမို့ ရေချိုးဖို့တောင် အတော်အားယူ ကြရပါလိမ့်မယ်။


ဘယ်မှာရှိသလဲ၊ ဘယ်လိုသွားမလဲ

မြိုင်ဟေဝန် ဆင်စခန်းက ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ထဲမှာပါပဲ။ ရန်ကုန်ကနေ တိုက်ကြီးကိုကားစီး၊ ဖလုံမှာ ဆင်း။ ဖလုံကနေအတွင်းဘက် မြိုင်ဟေဝန် ဆင်စခန်းထိကို ဆိုင်ကယ်ကယ်ရီတွေနဲ့ ဝင်လို့ရတယ်။ ဆိုင်ကယ်နဲ့ဆို နာရီဝက်လောက်လာရမယ်။ ကားနဲ့ဆိုရင်လည်း ဒီလောက်ပဲ။ လမ်းကကြမ်းလို့ 4X4 Drive ကားတွေနဲ့ ပိုသင့်လျော်တယ်။ မဟုတ်ရင် ကားဗိုက်မလွတ်တာ လည်းများတော့ ကားခပ်မြင့်မြင့်လေးတွေမှ အဆင်ပြေပါတယ်။ ဆိုင်ကယ်ကယ်ရီဆိုရင် ကျပ် ၅၀၀၀ လောက်ပေးရမယ်။ မြိုင်ဟေဝန် ထိတန်းရောက်မယ်။

 

အခြားကုန်ကျစရိတ်များ
ဒီမြိုင်ဟေဝန် ဆင်စခန်းကိုလာပြီး တစ်ညတာတည်းခိုမယ်ဆိုရင် တစ်ဦးကို တစ်သောင်းကျပ် ပေးရပါတယ်။ နေ့လယ်စာ၊ ညစာ၊ မနက်စာတွေအတွက် နောက်ထပ် တစ်သောင်းကျပ် ထပ်မံကျသင့်ပါမယ်။ ဆင်စီးမယ်ဆိုရင်တော့ တစ်ဦးကို ၅၀၀၀ ကျပ် ပေးရပါတယ်။


မြိုင်ဟေဝန် ဆင်စခန်းက ကျွန်တော်ရောက်ဖူးခဲ့တဲ့ တခြားဆင်စခန်းတွေနဲ့ အတော်လေးကွာခြားပါတယ်။ လူအရောက်အပေါက် ခက်ခဲနည်းပါးတဲ့နေရာမှာ ရှိနေသလို ဆင်တွေကို ထိန်းသိမ်းတဲ့နေရာမှာလည်း သဘာဝကျကျ ထိန်းသိမ်းထားတာ သတိပြုမိတယ်။ ဆင်ရိုင်းတွေရန်ကို ကာကွယ်တာ၊ လုံခြုံရေးကင်းလှည့်တာနဲ့ တစ်ခါတစ်ရံ ခရီးသွားတွေ ဆင်စီးလို့ ဟိုသွားဒီသွားလည်ပတ် ပြတာကလွဲရင် ဆင်တွေကို စားကျက်တွေမှာ လွှတ်ကျောင်းပေးထားတာ များတယ်။ မနက် ကို လွှတ်ပြီးညနေမှ ဆင်ပြန်ကောက်တယ်။ ဒီလိုအနေအထားမျိုးလေးမို့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ အဖွဲ့အစည်းတွေ ကလည်း သဘောကျကြတာ များတယ်။ ကျွန်တော့်အတွက်ကတော့ ဆင်ထိန်းအလုပ်ကို ဂုဏ်ယူပျော်ရွှင်စွာ လုပ်ဆောင် နေကြတဲ့ ဆင်ဦးစီးတွေနဲ့ သူတို့မိသားစုတွေရဲ့ ဘဝနေထိုင်မှုပုံစံတွေကို အနီးကပ်စကားပြောဆို လေ့လာခွင့် ရခဲ့တာကိုပါ အတော်ကျေနပ်မိခဲ့တယ်။ မကြာခင် Vlog လေးလည်း တင်ဆက်ပေးသွားပါ့မယ်။ ဆင်စခန်းတွေထဲက ထူးခြားတဲ့ မြိုင်ဟေဝန် ဆင်စခန်းဆီကို သဘာဝချစ်တဲ့ ခရီးသွားတွေလေ့လာလည်ပတ်ဖို့ ညွှန်းဆိုပေးလိုက်ရပါတယ်။

 

အားလုံးပဲ အစဉ်ဘေးကင်း လုံခြုံကျန်းမာ ပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။