ရန်ကုန်နဲ့ ကုန်သေတ္တာတင်ယာဉ်တွေ

၂၉ ဧပြီ

 

ရန်ကုန် မြို့ရဲ့ ဘုရင့်နောင်လမ်းမတစ်လျှောက် နေ့ခင်းပိုင်းအချိန်တွေမှာ ကုန်သေတ္တာတင် မော်တော်ယာဉ်တွေ မောင်းနှင်နေကြတာ တွေ့ရပါတယ်။ အရင်က အဲဒီကုန်သေတ္တာတင် ယာဉ်တွေဟာ ညပိုင်းမှာသာ မောင်းနှင်ကြဖို့ စည်းကမ်းသတ်မှတ်ထားပေမယ့် အခုတော့ ရန်ကုန်မြို့အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ ကိုဗစ်-၁၉ ကြောင့် စည်းမျဉ်း စည်းကမ်း ဥပဒေတွေထုတ်ပြန်ထားပြီး ရန်ကုန်မြို့မှာ ညမထွက်ရအမိန့်ကြောင့် အခုလို ကုန်သေတ္တာ မော်တော်ယာဉ်တွေ နေ့ခင်းပိုင်းမှာ ပြောင်းလဲ မောင်းနှင်နေကြတာဖြစ်ပါတယ်။

 

အခုကာလမှာ ညမထွက်ရ ထုတ်ပြန် ထားတာမို့ ကုန်သေတ္တာယာဉ်တွေ နံနက် ၈ နာရီမှ ည ၈ နာရီအထိ မောင်းနှင်သွားလာကြဖို့ ပြောင်းထားပါတယ်။ ရန်ကုန်မြို့မှာ နေ့ပိုင်း ယာဉ်ကြောကျပ်တည်းမှု အခုအချိန်မှာ မရှိတာကြောင့် ယာဉ်မောင်းတွေအတွက်လည်း အဆင်ပြေပါတယ် လို့ မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်း နာယက ဦးသန်းလွင်က ပြောထားပါတယ်။

 

ယာဉ်တွေနည်းပါးသွား ကိုဗစ်-၁၉ ကြောင့် ရန်ကုန်မြို့ရဲ့ မြို့နယ် တွေ၊ ရပ်ကွက်တွေ၊ လမ်းတွေနဲ့ ကားလမ်းမ တွေပေါ်မှာ နေ့စဉ်မော်တော်ယာဉ်သွားလာမှု သိသိသာသာ လျော့နည်းသွားပါတယ်။ YBS တွေ နေ့စဉ်ပြေးဆွဲမှု အစီးရေလည်း လျော့နည်းထားသလို ပြည်သူအများစုကလည်း အိမ်ထဲမှာသာ နေထိုင်သူတွေ များနေတာမို့ ရန်ကုန်မြို့ရဲ့ ကားလမ်းတွေပေါ်မှာ မော်တော် ယာဉ်တွေနည်းပါးသွားတာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၇ ရက်က စတင်ပြီး ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကြောင့် ကုန်သေတ္တာတင်ယာဉ်တွေ နေ့ပိုင်းကို ပြောင်းလဲပြေးဆွဲနေတာ ဖြစ်ပါတယ်။

 

ရန်ကုန်မြို့မှာ ကုန်သေတ္တာတင်ယာဉ်တွေ ကို နံနက် ၇ နာရီမှ ည ၈ နာရီအထိ နေ့ခင်းအချိန် မောင်းနှင်ခွင့်ပြုတဲ့နေရာမှာ သတ်မှတ်ထားတဲ့ အချိန်ထက်စောပြီး ထွက်ခွာကာ အချိန်နောက်ကျပြီး မောင်းနှင်တာတွေ မဖြစ်ပေါ်အောင် စနစ်တကျ တွက်ချက်ကာ ယာဉ်မောင်းတစ်ဦးချင်းအနေနဲ့ သိရှိလိုက်နာ မောင်းနှင်ကြဖို့ လိုအပ်တာတော့ အမှန်ပါပဲ။

 

ဒီလိုနေ့ခင်းအချိန် ကုန်သေတ္တာတင်ယာဉ် တွေဖြတ်သန်းမောင်းနှင်တဲ့အခါ ရန်ကုန်မြို့မှာ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်အောင်၊ ယာဉ် အန္တရယ်မဖြစ်အောင်း သတ်မှတ်မိုင်နှုန်း မောင်းနှင်အောင်နဲ့ သတ်မှတ်ထားတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေအတိုင်း မောင်းနှင်စေအောင် မြန်မာနိုင်ငံကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်းရဲ့ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က စောင့်ကြည့်ကြပ်မတ်ရမှာ ဖြစ်ပါတယ်။

 

ပူးပေါင်းညှိနှိုင်း ဆောင်ရွက်

 

ရန်ကုန်မြို့မှာ သတ်မှတ်ယာဉ်ကြောတွေ အတိုင်း ကုန်သေတ္တာတင်ယာဉ်ကြီးတွေ နေ့ပိုင်း မောင်းနှင်ဖြတ်သန်းတာကို ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ YRTA တို့ကလည်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိနေပါတယ်။ ကုန်သေတ္တာ တင်မော်တော်ယာဉ်ကြီးတွေ ရန်ကုန်မြို့မှာ ဖြတ်သန်းတဲ့ အချို့ လမ်းကြောတွေဟာ YBS ယာဉ်တွေ၊ အငှားယာဉ်နဲ့ ကိုယ်ပိုင်အိမ်စီး မော်တော်ယာဉ်တွေလည်း မောင်းနှင်သွားလာ နေကြတာမို့ အထူးဂရုပြု မောင်းနှင်ကြဖို့တော့ လိုအပ်နေပါတယ်။

 

လမ်းကြောရှင်းနေတာတွေ ဒါပေမယ့် အခုကာလမှာတော့ YBSယာဉ် တွေ၊ အိမ်စီးကားနဲ့ အငှားယာဉ်တွေလည်း မောင်းနှင်သွားလာမှု နည်းပါးနေတာမို့ အရင် ကထက် ယာဉ်ကြောပိတ်ဆို့မှု မရှိဘဲ လမ်းကြောရှင်းနေတာတွေ များပါတယ်။

 

၂၀၀၉ ခုနှစ် ဇူလိုင် ၅ ရက်မှာ စတင် ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်းဟာ အခုဆိုရင် အသင်းဝင်ဂိတ် ၈၁ ခုနဲ့ အသင်းဝင်ကုန် သေတ္တာတင် မော်တော်ယာဉ်ပေါင်း ၂၄၂၄ စီးခန့် ရှိနေပြီဖြစ်ပါတယ်။ အဲဒီထဲမှာ ရန်ကုန် တိုင်းဒေသကြီးအတွင်း ဖြတ်သန်းမောင်းနှင် အသုံးပြုနေတဲ့ ကုန်သေတ္တာတင်ယာဉ်တွေက အရေအတွက် အများဆုံး ဖြစ်ပါတယ်။

 

အခုလိုကာလမှာ ကုန်သေတ္တာတင် မော်တော်ယာဉ်တွေ နေ့ခင်းဖြတ်သန်းမောင်းနှင် နေခြင်းဟာလည်း မိမိတို့ရဲ့ အကျိုးစီးပွားတွက်သာမကဘဲအသင်းရဲ့ ရည်ရွယ်ချက် ၁၁ ချက်ထဲမှာ ပါဝင်တဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနဲ့ ကုန်စည်စီးဆင်းမှု မှန်ကန်ရေးဆိုတဲ့ အချက်ကြောင့်လည်း နေ့စဉ်မောင်းနှင်ပြေးဆွဲ ပေးနေခြင်း ဖြစ်ပါတယ်။

 

ဖြေလျှော့မှုတွေ ပြုလုပ်ပေးထား

 

ဒါ့အပြင် အခုလို ကိုဗစ်-၁၉နဲ့ ရင်ဆိုင် နေရတဲ့ကာလမှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကလည်း ဖြေလျှော့မှုတွေ ပြုလုပ်ပေးထား ပါတယ်။ အဲဒါကတော့ ကုန်သေတ္တာတင် မော်တော်ယာဉ်တွေ၊ စက်ယန္တရားနဲ့ အခြား ကုန်စည်တွေကို ဆိပ်ကမ်းမှာထားရှိခြင်း အတွက်ပေးဆောင်ရမယ့် နှောင့်နှေးကြန့်ကြာ ကြေးကို လျှော့ချပေးလိုက်ခြင်း ဖြစ်ပါတယ်။ အဲဒီလို လျှော့ချပေးလိုက်ခြင်းဟာ မြန်မာ့ ဆိပ်ကမ်းရောက် ကုန်စည်တွေအပေါ် ယာဉ်နဲ့ စက်ယန္တရားတွေအပေါ်မှာပါ ဝန်ထုပ် ဝန်ပိုး အထိုက်အလျောက် သက်သာသွားစေခဲ့ပြီး ကုန်ဈေးနှုန်း မကြီးမြင့်ရေးအပေါ်မှာလည်း အကျိုးသက်ရောက်မှု ရှိစေခဲ့ပါတယ်။

 

၅၀ ရာခိုင်နှုန်းကို လျှော့ချ

 

အဲဒီလို နှောင့်နှေးကြေး လျော့ချ ကောက်ခံမှုကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၉ ရက်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က တင်ပြခွင့်ပြုချက် တောင်းခံခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်းကိုဗစ်-၁၉ကြောင့် ဆိပ်ကမ်း အတွင်း ရောက်ရှိနေတဲ့ ကုန်ပစ္စည်းတွေ ထုတ်ယူဖို့ နှောင့်နှေးနေမှုတွေအတွက် အခွန်နှုန်းထားဖိစီးမှု မဖြစ်စေအောင် ယခင် ကထက် ၅၀ ရာခိုင်နှုန်းကို လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ၅၀ ရာခိုင်နှုန်း လျှော့ချမှု ဟာ ၂၀၂၀ ပြည့်နှစ် ဧပြီ ၉ ရက်က စတင် တာဖြစ်ပြီး ဧပြီ ၈ ရက်အထိတော့ မူလ သတ်မှတ်ကြေးအတိုင်း ပေးဆောင်ကြရမှာ ဖြစ်ပါတယ်။

 

ဒီလိုအခြေအနေတွေကြောင့် တစ်ဖက်က ဆိပ်ကမ်းအတွင်း ရောက်ရှိနေတဲ့ ကုန်သေတ္တာတွေ သယ်ယူနိုင်ရေးအတွက် ယခင်ညပိုင်း သယ်ယူပို့ဆောင်မှုကနေ အခုနေ့ခင်းအချိန်တွေမှာ ကုန်သေတ္တာတွေ သယ်ယူနေတာ ဖြစ်ပါတယ်။ ဒါမှလည်း ဆိပ်ကမ်းမှာရောက်ရှိနေတဲ့ ကုန်စည်နဲ့ ယာဉ်တွေစုပုံနေမှု လျော့ကျသွားမှာ ဖြစ်ပါတယ်။

 

ပုံသဏ္ဌာန် မျိုးစုံပြောင်း

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ၂တန် အထက်ယာဉ်တွေကို ကုန်တင်ယာဉ်တွေအဖြစ် သတ်မှတ်ထားပြီး လက်ရှိ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၂ ရက်အထိ YRTA မှာ မှတ်ပုံတင် ထားတဲ့ ကုန်တင်ယာဉ်အစီးရေဟာ ၅၈၆၁၁ စီး ရှိတယ်လို့ ဆိုပါတယ်။ အဲဒီကုန်တင်ယာဉ်တွေရဲ့ ကားကိုယ်ထည်ကို ပုံသဏ္ဌာန် မျိုးစုံပြောင်းပြီး ပြေးဆွဲနေတာလည်း တွေ့ရပါတယ်။

 

လောလောဆယ်မှာတော့ ကိုဗစ်-၁၉ ကာလအတွင်း ရန်ကုန်မြို့မှာ အရင်ကညပိုင်း မောင်းနှင်ပြေးဆွဲနေတဲ့ ကုန်သေတ္တာတင်ယာဉ် တွေဟာ နေ့ခင်းအချိန် ပြောင်းလဲပြေးဆွဲ နေတာမို့ ရန်ကုန်မြို့ပြရဲ့ လှုပ်ရှားနေတဲ့ မြင်ကွင်းတွေဟာ ပြောင်းလဲမှုတွေအဖြစ် တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။ ။

 

ဇင်လင်းမြင့်