ရန်ကုန်နှင့် ရှမ်းယူနိုက်တက် ယှဉ်ပြိုင်နေသည့် ၂၀၂၀ AFC Cup ပြိုင်ပွဲကို အာရှဘောလုံးအဖွဲ့ချုပ် ဖျက်သိမ်း

၁၀ စက်တင်ဘာ

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာကလပ်အသင်းများဖြစ်သည့် ရန်ကုန်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်နေသည့် ၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် စက်တင်ဘာ ၁၀ ရက်က ပြုလုပ်သည့် အလုပ်အမှုဆောင် အစည်းအဝေးတွင် ယခုနှစ်အတွင်းပြုလုပ်မည့် ပြိုင်ပွဲများနှင့်ပတ်သက်၍ ဆုံးဖြတ်ခဲ့ပြီး အုပ်စုအဆင့်ပွဲစဉ်များ ယှဉ်ပြိုင်နေသည့် ကာလတွင် ရပ်နားခဲ့ရသည့် ၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲကို ဇုန်အလိုက်ခွဲ၍ ကျင်းပလျက်ရှိပြီး မြန်မာကလပ်အသင်းများမှာ အာဆီယံဇုန်တွင် ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ အာဆီယံဇုန်တွင် အုပ်စုသုံးခုပါဝင်ပြီး အရှေ့တောင်အာရှနိုင်ငံ ခုနစ်နိုင်ငံမှ ကလပ်အသင်း ၁၂ သင်း ယှဉ်ပြိုင်နေကာ ကိုဗစ်-၁၉ ရောဂါကြောင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုသည့် နိုင်ငံမရှိခဲ့ကြောင်း သိရသည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ရောဂါအခြေအနေကြောင့် ပြိုင်ပွဲကျင်းပသည့်ပုံစံပြောင်းလဲကာ အုပ်စုလက်ကျန်ပွဲများ အနက် အုပ်စုတစ်ခုစီကို အိမ်ရှင်နိုင်ငံ တစ်နိုင်ငံရွေးချယ်၍ ကျင်းပရန် စီစဉ်ထားခဲ့ပြီး ယခင်က အုပ်စု (F) နှင့် (G) ပွဲစဉ်များကို ဗီယက်နမ်နိုင်ငံကို ကျင်းပခွင့်ပေးခဲ့သော်လည်း ရောဂါပိုးကူးစက်မှုများ ရှိလာသောကြောင့် လက်ခံ ကျင်းပနိုင်ခြင်းမရှိတော့ကြောင့် အာရှဘောလုံးအဖွဲ့ချုပ်ထံ အကြောင်းကြားခဲ့သည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို ဇုန်ငါးခုခွဲ၍ ကျင်းပလျက်ရှိပြီး အာရှဒေသတွင်းနိုင်ငံများ၏ အခြေအနေအပေါ်မူတည်၍ ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 


အာရှဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်း ကျင်းပမည့်ပြိုင်ပွဲများအနက် AFC Cup ပြိုင်ပွဲကို ဖျက်သိမ်းခဲ့ပြီး အာရှ ယူ-၁၉ ပြိုင်ပွဲ၊ အာရှ ယူ-၁၆ ပြိုင်ပွဲနှင့် အာရှဖူဆယ်ကလပ်ပြိုင်ပွဲတို့ကို လာမည့်နှစ်သို့ ပြောင်းလဲကျင်းပ မည်ဖြစ်သည်။

 

အာရှဖူဆယ်ပြိုင်ပွဲကို နိုဝင်ဘာမှ ဒီဇင်ဘာသို့ ရွှေ့ဆိုင်းခဲ့ပြီး အာရှချန်ပီယံလိဂ် အုပ်စုပွဲများကို နိုဝင်ဘာတွင် ပြန်လည်ကျင်းပရန် စီစဉ်ထားသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်