ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်၌  သင်္ကြန်ပွဲတော်ကာလ အနယ်နယ်အရပ်ရပ်မှ နေရပ်ပြန် ပြည်သူများဖြင့် စည်းကားများပြား

ရန်ကုန် ၁၂  ဧပြီ

           

မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်၌ ယနေ့မွန်းလွဲပိုင်းက အနယ်နယ်အရပ်ရပ်မှ နေရပ်ပြန်ပြည်သူများနှင့် ခရီးသွားပြည်သူများဖြင့်  စည်းကားများပြား လျက်ရှိကြောင်း သိရသည်။

 

“သင်္ကြန်ကာလဆိုတော့ ကိုယ့်အိမ်ကိုယ့်ရာကို ပြန်ကြမယ့် ခရီးသည်တွေ အရမ်းများတယ်။ နယ်သွားပြီး အလုပ်လုပ်၊ ခွင့်ရက်ရလို့ ပြန်လာကြတဲ့ သူတွေလည်းများတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေ အများဆုံး လိုက်ပါစီးနင်းမှုများတာကို တွေ့ရတယ်။  မနက်ဖြန် သင်္ကြန်အကြိုနေ့ကို အမီပြန်ကြတဲ့အတွက် ခရီးသည်တွေ အရင်နေ့ကထက် ပိုများပါတယ်။ အဝေးပြေး ကားဂိတ်တွေမှာလည်း လူတွေအရမ်းများတယ်။ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ဆိုတော့ မိသားစုနဲ့ ပြန်ဆုံကြမယ့်သူတွေ  အရမ်းပျော်ရွှင်နေမှာပါ  ” ဟု ဒလမြို့ ဒေသခံပြည်သူတစ်ဦး က ပြောသည်။

 

ရန်ကုန်(ပန်းဆိုးတန်း-ဒလ)ကူးတို့ရေယာဉ် ချယ်ရီသင်္ဘော(၃)စီးဖြင့် သင်္ကြန်ပွဲတော်ကာလအတွင်း ဧပြီလ ၁၃ ရက်မှ ၁၇ ရက်အထိ ခေါက်ရေ ၂၆ ခေါက်နှုန်းဖြင့် နံနက် ၆ နာရီမှ ည ၇ နာရီအထိ နာရီဝက်ခြား ပြေးဆွဲသွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ သိရသည်။

 

နိုင်လင်းကျော်(ဒလ)