ရန်ကုန်ပညာရေးတက္ကသိုလ် ပထမနှစ်သင်တန်းမှ ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ 

ရန်ကုန် ဒီဇင်ဘာ ၂၆

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးဘွဲ့(ပထမနှစ်)သင်တန်းကို နိုဝင်ဘာ ၂၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သစ်လွင် ကျောင်းသား၊ ကျောင်းသူများ ကြိုဆိုပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန် ပညာရေးတက္ကသိုလ်၊ Learning Hub ခန်းမ၌ ကျင်းပသည်။ 

အခမ်းအနားသို့ ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ပါမောက္ခ(ဌာနမှူး)များ၊  ပါမောက္ခများ၊ မော်ကွန်းထိန်းများ၊ စာကြည့် တိုက်မှူး၊ အဆောင်မှူးများနှင့် သစ်လွင်ကျောင်းသား၊ ကျောင်းသူ(၅၇၄)ဦး တက်ရောက် ကြသည်။ 

ဦးစွာ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင်က ကြိုဆို နှုတ်ခွန်းဆက်အမှာစကားပြောကြားရာ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ပညာဆည်းပူး ရခြင်းဖြင့် ဆရာအတတ်ပညာများနှင့် အဓိကဘာသာရပ်ကြီးများပူးပေါင်းထားသော ခေတ်မီ သင်ရိုးများကို သင်ယူရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ခေတ်မီပေါင်းစပ်ပညာရေးကို သင်ယူနိုင်ခြင်းအားဖြင့် မဝေးသောအနာဂါတ်တွင် အရည်အသွေးရှိသော သင်ကြား၊ သင်ယူမှု လုပ်ငန်းများကို ဆောင်ရွက်နိုင်မည့် ဆရာ၊ ဆရာမများ အမှန်တကယ် ဖြစ်လာတော့မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ မော်ကွန်းထိန်းများက မိတ်ဆက်ကြပြီး ပညာရေးဘာသာရပ်၊ သိပ္ပံဘာသာရပ်၊ ဝိဇ္ဇာဘာသာရပ်တို့မှ ပါမောက္ခ(ဌာနမှူး)များက ဘာသာရပ်နှင့် ပတ်သက်၍လည်းကောင်း၊ မော်ကွန်းထိန်းမှ သင်တန်းရေးရာနှင့် ပတ်သက်၍လည်းကောင်း မိတ်ဆက်စကားများပြောကြားကြကြောင်း သိရသည်။

သတင်းစဉ်