ရန်ကုန် ဇွန် ၁၁
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အဏုမြူရောင်ခြည် SPECT-CT စက်သစ်တစ်လုံးကို ယခုနှစ်တွင် ထပ်မံတပ်ဆင်ကာ လူနာများအား ပိုမိုထိရောက်စွာ ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သိုင်းရွိုက်၊ အရိုး၊ ကျောက်ကပ်၊ ပါရာသိုင်းရွိုက်၊ အသည်းနှင့် သရက်ရွက်၊ သည်းခြေ လမ်းကြောင်းနှင့် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါများကို အဏုမြူရောင်ခြည်ဆေးရည်ဖြင့် ရှာဖွေကုသပေးနေသည့်အပြင် ကင်ဆာရောဂါဆိုင်ရာ ရှာဖွေစမ်းသပ်ခြင်းများကိုလည်း အဆင့်ဆင့် ဆောင်ရွက်ပေးလျက်ရှိသည်။
အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေရာတွင် ခေတ်မီစက်ကြီးနှစ်မျိုးဖြစ်သည့် SPECT-CT စက်နှင့် PET-CT စက်ကို အဓိကထားအသုံးပြုပြီး ရောဂါအမျိုးအစားအလိုက် ခွဲခြားရှာဖွေပေးလျက်ရှိသည်။
SPECT-CT စက်သည် အဏုမြူရောင်ခြည် ဆေးရည်ကိုအသုံးပြုကာ အရိုး၊ ကျောက်ကပ်၊ သိုင်းရွိုက်၊ ပါရာသိုင်းရွိုက်နှင့် အသည်းရောဂါများကို ရှာဖွေပေးလျက်ရှိပြီး PET-CT စက်သည် ကင်ဆာရောဂါ ရှာဖွေရာတွင် အဓိကအသုံးပြုဆောင်ရွက်ပေးလျက်သည်။ အဆိုပါဆေးရည်ကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှိ Cyclotron စက်ကြီးမှ ကိုယ်တိုင်ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ရောဂါကုသရေးအပိုင်းတွင် ပြင်ပလူနာနှင့် အတွင်းလူနာဟူ၍ နှစ်ပိုင်းခွဲခြားထားပြီး နေ့စဉ် ရုံးဖွင့်ရက်တိုင်းတွင် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းအချိန်ဟူ၍ နှစ်ကြိမ် ခွဲခြားကြည့်ရှုကုသပေးလျက် ရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေကုသရေးဌာနမှ SPECT-CT စက်ဖြင့် ရောဂါရှာဖွေခြင်း လူနာ ၃၀၀၀၊ PET-CT စက်ဖြင့် ရောဂါရှာဖွေခြင်း လူနာ ၆၅၀ နှင့် အဏုမြူရောင်ခြည်ဆေးဖြင့် ရောဂါကုသခြင်း လူနာ ၇၅၀ တို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယခု ၂၀၂၆ ခုနှစ်အတွင်း လူနာများအား ပိုမိုထိရောက်စွာ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် SPECT-CT စက်သစ်တစ်လုံးကို ထပ်မံတပ်ဆင်ကာ ရောဂါရှာဖွေခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဌာနသည် ရောဂါရှာဖွေကုသခြင်းများအပြင် ဆေးပညာ လောကအတွက် အဏုမြူရောင်ခြည်ဆေးပညာရှင်များကိုလည်း ဆက်လက်မွေးထုတ်ပေးလျက်ရှိရာ အဏုမြူရောင်ခြည် မဟာသိပ္ပံတန်းတွင် နှစ်စဉ် သင်တန်းသား သုံးဦးမှ ငါးဦးအထိ လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်း သိရသည်။
TWA


