ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင်လမ်း လျှောက်သင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်

ရန်ကုန် ဧပြီ ၁၆
         
၁၃၈၅ ခုနှစ် မြန်မာ့နှစ်သစ်ကူး မဟာသင်္ကြန် အတာရေသဘင်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ရန်ကုန်မြို့၌ သင်္ကြန်ချစ်သူပြည်သူများ စည်းကားသိုက်မြိုက်စွာ ဆင်နွှဲခဲ့ရာ ယနေ့မဟာသင်္ကြန်အတက်နေ့တွင် နံနက်ပိုင်းမှညနေ့ပိုင်းအထိ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင်လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် Royal Apex မဏ္ဍပ်တို့တွင် ယိမ်းအဖွဲများ၏ အကအလှများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအက အဖွဲ့များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး နှင့်မြန်မာနိုင်ငံ သဘင်အစည်းအရုံးတို့မှ အနုပညာရှင်များကမြူးကြွသော တေးသီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြရာ မဟာသင်္ကြန်နောက်ဆုံးရက် အတာရေသဘင်ဆင်နွှဲကြသူ သင်္ကြန်ချစ်သူ ပြည်သူများဖြင့် အထူးစည်ကားခဲ့သည်။

ညနေ့ ၅ နာရီတွင် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်၊ Royal Apex မဏ္ဍပ်ပိတ်ပွဲအခမ်းအနားများ ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း နှင့်ဇနီး၊ တိုင်းဒေသကြီး ၀န်ကြီးများနှင့် ၎င်းတို့၏ဇနီးများ ၊ရန်ကုန်မြို့ တော်၀န် ဦးဗိုလ်ဌေး နှင့်ဇနီးနှင့်တ၀န်ရှိသူများ၊ ယိမ်းအဖွဲ့များ၊ မြန်မာနိုင်ငံရုပ်ရှင်၊ဂီတ၊ သဘင်အစည်းအရုံးတို့မှ တာ၀န်ရှိသူများ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ပိတ်ပွဲအခမ်းအနားတွင်  တိုင်းဒေသကြီး၀န်ကြီးချုပ်က နှစ်သစ်ကူးနှုတ်ခွန်းဆက်  စကား ပြောကြားကာ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်အား ပိတ်သိမ်း၍တေးသံရှင် ရဲထိုက် က မန်းတောင်ရိပ်ခို သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။

ထိုနောက် တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးဗိုလ်ချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် တိုင်းဒေသကြီး၀န်ကြီးများနှင့် ၎င်းတို့၏ဇနီးတို့က တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့၊ ယိမ်းအဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရှိကြသူများကို ဆုများပေးအပ်ချီးမြှင်ခဲ့ကြောင်း သိရသည်။

သတင်း-ကိုကိုဇော်
ဓာတ်ပုံ -ဇော်မင်းလတ်၊ရဲထွဋ်