ရန်ကုန် စက်တင်ဘာ ၂၀
၂၀၂၃ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် MCC ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အခမ်းအနားသို့ (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးစီးကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဦးစီးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အဆို-အက-အရေး-အတီး အကဲဖြတ်ပညာရှင်များ၊ ခရိုင် (၁၄) ခုမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ပြိုင်ပွဲဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ (၂၄)ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဦးစီးကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို တိုင်းရင်းသား လူမျိုးတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုး သားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန်နှင့် တိုင်းရင်းသားစည်းလုံးညီ ညွတ်မှု ရှိစေရေးတို့ကို ဦးတည်ရည်ညွှန်း၍ ၁၉၉၃ ခုနှစ်မှစတင်ကာ ကျင်းပခဲ့ရာ ယခုအခါ (၂၄) ကြိမ်မြောက်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နေပြည်တော်တွင် နိုင်ငံတော်အဆင့် ပြိုင်ပွဲကြီးအဖြစ် ခမ်းနားစွာ ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသား အသီးသီးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများ မပျောက်ပျက်၊ မတိမ်ကောစေရန် မျိုးဆက်သစ် လူငယ်များ ရိုးရာအမွေအနှစ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းခြင်းဖြင့် တိုင်းပြည်နှင့် လူမျိုး၏ဂုဏ်ကို ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်၍ ပြိုင်ပွဲဝင်များ၊ အနုပညာရှင်များ၊ ဌာနဆိုင်ရာများ တက်ညီလက်ညီဖြင့် နိုင်ငံနှင့် လူမျိုးအကျိုးစီးပွားအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အဆိုအကဲဖြတ်ပညာရှင် ဒေါ်ခိုင်ဝါ၊ အကအကဲဖြတ်ပညာရှင် ဦးအောင်တင်ဝင်း၊ အရေးအကဲဖြတ်ပညာရှင် ဦးမင်း ဇော်နှင့် အတီးအကဲဖြတ် ပညာရှင် ဦးသက်ဝေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဂုဏ်ပြု တေးဖြစ်သည့် “ရွှေရောင်လွှမ်းခြုံ တိုင်းရန်ကုန်” တေးသီချင်းဖြင့် အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူလေးများကလည်းကောင်း၊ အနုပညာ အထက်တန်းကျောင်း (ရန်ကုန်) မှ ကျောင်းသူလေးများက မြူးကြွသည့် အမျိုးသမီးဧည့်ခံ ဆိုင်းဖြင့်လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်မှ ကျောင်းသားများက လှပဝေဆာ အကပဒေသာ မင်းသားယိမ်းဖြင့် လည်းကောင်း၊ အမှတ်(၂)အထက် တန်းကျောင်း စမ်းချောင်းမှ ကျောင်းသူလေးများက ကဗျာလွတ်အကဖြင့်လည်းကောင်း၊ ရှမ်းတိုင်းရင်းသားများက ရှမ်းအိုးစည်နှင့် တိုးနယား အကဖြင့်လည်းကောင်း ကပြဖျော်ဖြေကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီးတို့က ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြင့်ကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင်များ စုပေါင်းဓာတ်ပုံရိုက်ကြပြီး အဆို၊ အက၊ အရေး၊ အတီးပညာရှင်များနှင့် ပြိုင်ပွဲဝင်များကို ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်သည်။
တိုင်းဒေသကြီးအဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အဆိုပြိုင်ပွဲ၌ မဟာဂီတ၊ ကာလပေါ်နှင့် ဇာတိမာန် ဘာသာရပ်တို့တွင် ၆၅ ဦး၊ အကပြိုင်ပွဲ၌ အက၊ ရုပ်သေးနှင့် ကွက်စိပ်ဘာသာရပ်တို့တွင် ၃၇ ဦး၊ အရေးပြိုင်ပွဲ၌ ၁၃ ဦး၊ အတီးပြိုင်ပွဲ၌ စောင်း၊ စန္ဒယား၊ ပတ္တလား၊ နှဲ၊ ပုလွေ၊ တယော၊ မယ်ဒလင်၊ ဂီတာ၊ ဒုံမင်း၊ ဆိုင်းတစ်ဦးချင်း၊ ဆိုင်းအဖွဲ့လိုက်၊ အိုးစည်အဖွဲ့လိုက်နှင့် ဒိုးပတ်အဖွဲ့လိုက် ဘာသာရပ်တို့တွင် ၂၀၃ ဦးတို့ဖြင့် စုစုပေါင်း ၃၁၈ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး စက်တင်ဘာ ၂၀ မှ ၂၂ ရက်နေ့အထိ ၃ ရက်တိုင် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - ကနူး
ညိမ်းသူ(သတင်းစဉ်)


