ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့တွင် ငွေကျပ်သိန်း ၃,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်း ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့တွင် ငွေကျပ် သိန်း ၃,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၈ ရက် နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၉) ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းတွင် သတင်းအရ ကြီးညို၊ ထွန်းစိန်နှင့် အောင်ကိုကိုတို့အား  AD Van မော်တော်ယာဉ်တစ်စီးနှင့်အတူ တွေ့ရှိသဖြင့် ရှာဖွေရာ ယာဉ်ပေါ်မှ  စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၇ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၁၀ နာရီတွင် ကျောက်တံတားမြို့နယ်၊ (၅) ရပ်ကွက်ရှိ ထွန်းစိန်၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား သုည ဒသမ ၃ သိန်း ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃,၀၀၀ တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်